နိုင်ဂျီးရီးယားနိုင်ငံက ခရစ်ယာန်ဘုရားကျောင်းတွင် ပစ်ခတ်မှုကြောင့် လူ ၅၀ ထက်မနည်း သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ၊ အွန်ဒိုပြည်နယ်က ကက်သလစ် ခရစ်ယာန်ဘုရားကျောင်းတဆောင်ကို သေနတ်သမားတွေက ဇွန် ၅ ရက်မှာ တိုက်ခိုက်ခဲ့လို့ လူအယောက် ၅၀ ထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေ ရှိတယ်လို့ ဆရာဝန်တယောက်နဲ့ ဒေသခံ မီဒီယာတွေက ပြောပါတယ်။
အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် ရောက်လာတဲ့ အလောင်း ၅၀ ထက်မနည်းကို အိုဝိုမြို့အတွင်း ပြည်ထောင်စုဆေးဝါးဌာနနဲ့ စိန့်လူးဝစ် ကက်သလစ်ဆေးရုံတွေဆီ ရွှေ့ပြီးပြီလို့ နိုင်ဂျီးရီးယား အနောက်တောင်ဘက် အိုဝိုမြို့ဆေးရုံက ဆရာဝန်က ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ အလွန် စက်ဆုပ်ရွံရှာစရာကောင်းတယ်လို့ သမ္မတ မူဟမ်မာဒူဘူဟာရီက ပြစ်တင် ရှုတ်ချပါတယ်။
တိုက်ခိုက်သူတွေရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်သူဘယ်ဝါ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ သေနတ်သမားတွေဟာ ဝတ်ပြုနေသူတွေကို ပစ်ခတ်ခဲ့ပြီး ဘုရားကျောင်းထဲမှာ ဖောက်ခွဲရေး ပစ္စည်းတွေကို ဖောက်ခွဲခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ပြောပါတယ်။
အာဖရိကရဲ့ လူဦးရေ အများဆုံးနိုင်ငံ နိုင်ဂျီးရီးယားမှာ အထူးသဖြင့် အနောက်မြောက်ပိုင်းမှာ လက်နက်ကိုင်ဂိုဏ်းတွေက ပြန်ရွေးငွေအတွက် ပြန်ပေးဆွဲတာတွေ၊ တိုက်ခိုက်တာတွေကို မြင်တွေ့ နေခဲ့ပြီးပါပြီ။
တိုက်ခိုက်မှုအပြီးမှာ အွန်ဒိုပြည်နယ် အုပ်ချုပ်ရေးမှူးက မြို့တော် အဘူဂျာဆီ သွားမယ့် ခရီးစဉ်ကို ဖျက်သိမ်းပြီး ပြည်နယ်ဆီ ပြန်လာခဲ့ပါတယ်။ တိုက်ခိုက်သူတွေကို မရမက လိုက်ဖမ်းပြီး အပြစ်အတိုင်း ပေးဆပ်ခိုင်းဖို့ ရနိုင်သမျှ အရင်းအမြစ်တိုင်းကို သုံးဖို့ ကတိပြုတယ်လို့လည်း သူက ကြေညာချက် ထုတ်ပြန်ပြောပါတယ်။