ချင်းပြည်နယ်မှာရှိတဲ့ မြို့နယ်တွေမှာ ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ ပြည်သူတွေဟာ ဘုရားကျောင်းတက် ဝတ်ပြုဖို့အတွက် တပတ်တခါ တနင်္လာနေ့တိုင်း ခရိုင်အထွေထွေ အုပ်ချုပ်ရေးရုံးမှာ ကြိုတင်ခွင့်ပြုချက်ယူဖို့ စစ်ကောင်စီက ထုတ်ပြန်ထားလို့ အခက်တွေ့နေကြပါတယ်။
ဟားခါးမြို့ခံတဦးက “တနင်္ဂနွေနေ့တိုင်း ကျနော်တို့ ဘုရားကျောင်းတက်ရတယ်ဆိုတော့ ဘုရားကျောင်းတက်ဖို့ ခွင့်ပြုမိန့်ယူနေရတာဟာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ချိုးဖောက်တာဖြစ်တယ်။ တနင်္ဂနွေမှာ ဝတ်ပြုရမှာကို တနင်္လာနေ့မှာ တင်ပြခိုင်းတာဟာ ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး အဲဒီလုပ်ရပ်က ကျနော်တို့ဘာသာရေးကို အလေးမထားတာဖြစ်တယ်” လို့ ပြောပါတယ်။
အပတ်စဥ် စနေနေ့တိုင်း လူငယ်တွေစုပြီး ဘုရားကျောင်းမှာ သီချင်းတိုက်ရတာဆိုတော့ လူစုလူဝေး မလုပ်ရလို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၁၃ ရက်မှာ ထုတ်ပြန်ထားခဲ့တာပါ။
ဒီအမိန့်ကြောင့် ဘုရားကျောင်းမှာ ဝတ်ပြုဖို့အစီအစဉ်တွေအတွက် နှောင့်နှေးစေပြီး အခက်အခဲ ဖြစ်စေတယ်လို့ လူငယ်တဦးက ပြောပါတယ်။
ချင်းပြည်နယ်မှာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားပြီးနောက် စားသောက်ဆိုင်တွေနဲ့ ဘီယာဆိုင်တွေမှာ လူငယ်တွေ ၅ ယောက်နဲ့အထက်စုပြီး ဆိုင်ထိုင်ကြပေမဲ့ စစ်ကောင်စီက ဖမ်းဆီးတာတွေ မရှိခဲ့ဘဲ အခုလို ဘုရားကျောင်းဝတ်ပြုဖို့ ကိစ္စတွေမှာ ခွင့်ပြုချက် တောင်းနေရတာဟာ ဘာသာရေးပဋိပက္ခတွေ ဖြစ်လာနိုင်တယ်လို့လည်း နှစ်ခြင်းဆရာတော်တပါးက ပြောပါတယ်။
ချင်းပြည်နယ် ဟားခါး၊ တီးတိန်၊ ထန်တလန်၊ ကန်ပက်လက်၊ တွန်းဇံ၊ မတူပီ၊ မင်းတပ်နဲ့ ဖလမ်းမြို့တွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့က စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာကို ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်းက စစ်ကောင်စီ စစ်ကြောင်းက ခရစ်ယာန်ဘုရားရှိခိုးကျောင်း တကျောင်းအပါအဝင် လူနေအိမ် ၆၀၀ ကျော်ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချမ်းသာကျေးရွာကို ဇန်နဝါရီ ၁၄ ရက်ကတည်းက စတင်ဝင်ရောက် မီးရှို့ကာ ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်းမှာလည်း ထပ်မံမီးရှို့ခဲ့တာပါ။
ဒေသခံ အမျိုးသားတဦးက "၁၄ ရက်က တကြိမ်၊ ၁၅ ရက်မှာ တကြိမ် နေရာတွေခွဲပြီး မီးရှို့တာ။ နေအိမ် အလုံး ၆၀၀ ကျော် မီးလောင်တယ်။ နှစ် ၁၀၀ ကျော်က ဆောက်ထားတဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းလည်း မီးထဲပါသွားပြီ။ အကုန်ပြာကျအောင် ရှို့တာ။ ချမ်းသာကြီး ကျေးရွာက သူတွေနဲ့ အနီးနားရွာက လူတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်" လို့ ပြောပါတယ်။
စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့လို့ ရေဦးမြို့နယ်အနောက်ခြမ်းက ကျေးရွာဖြစ်တဲ့ ချမ်းသာကြီး ရွာနဲ့ ရွာအနီးနားက ပြည်သူ ၁ သောင်းနီးပါး နေရပ်စွန့်ခွာ ရှောင်တိမ်း နေထိုင်ကြရတာပါ။
ချမ်းသာကြီးကျေးရွာကို ၂၀၂၂ ခုနှစ် ဇူလိုင်လက နှစ်ကြိမ်၊ ဒီဇင်ဘာလက တကြိမ် စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။