close

သံတောင် ၁၃ မိုင်တပ်စခန်းက အရာရှိ ၁ ဦး စနိုက်ပါထိမှန် သေဆုံး

ကရင်ပြည်နယ်၊ သံတောင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ၁၃ မိုင်တပ်စခန်းက အရာရှိ တယောက်  ဇွန် ၇ ရက် မနက် ၈ နာရီလောက်က စနိုက်ပါနဲ့ ပစ်ခတ်ရလို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူး သို့မဟုတ် ဒုတပ်ခွဲမှူးတယောက် ထိမှန် သေဆုံးသွားတာလို့ သံတောင် PDF အဖွဲ့က  သတင်းထုတ်ပြန်ထားပါတယ်။

သံတောင်မြို့ ၁၃ မိုင်ဒေသခံတစ်ဦးကလည်း ”မနက်ပိုင်းက စခန်းဘက်မှာ ပစ်ခတ်သံတော့ ကြားတယ်။ အရာရှိတစ်ဦး သေတယ်လို့တော့ ကြားတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ၁၃ မိုင်တပ်စခန်းအနီး ရပ်ရွာအတွင်းလှည့်ပတ်ပြီး စစ်ဆေးတာတွေနဲ့ သေနတ်ပစ်ဖောက်တာတွေ လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထား နေထိုင်သွားလာကြဖို့ သံတောင် PDF တပ်ဖွဲ့က သတိပေးထားပါတယ်။

ဇွန် ၄ ရက် ည ၉ နာရီလောက်ကလည်း သံတောင်မြို့ရှိ အထက်တန်းကျောင်းမှာ ဗုံး ၁ လုံးပေါက်ကွဲခဲ့ရာ လူထိခိုက်မှုမရှိပေမဲ့ ကျောင်းမျက်နှာကြက်တွေ ထိမှန်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

သံတောင်ဒေသမှာ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရတာ၊ ခြုံခိုတိုက်ခိုက်ခံရတာ၊ ချောင်းမြောင်းပစ်ခတ်ခံရတဲ့အတွက် စစ်ကောင်စီရဲ့တပ်တွေက အနီးပတ်ဝန်းကျင်က ဥယျာဉ်ခြံတွေအတွင်း လှည့်လည်စစ်ဆေးတာတွေ၊ လမ်းမကြီးကို ပိတ်ဆို့ပြီး  လမ်းသွားလမ်းလာ ကား၊ ဆိုင်ကယ်တွေကို စစ်ဆေးတာတွေ ရှိပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တပိုင်တနိုင် ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်နေသူတွေကို ဖမ်းဆီးရိုက်နှက် စစ်ဆေးမေးမြန်းတာ၊ တဲတွေမီးရှို့ဖျက်ဆီးတာတွေလည်း ပြုလုပ်လေ့ရှိတာကြောင့် စိုးရိမ်နေရတယ်လို့ ခြံလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

//
Up