close

အာရှ၏ထိပ်တန်းလုံခြုံရေးအစည်းအဝေး စင်ကာပူတွင် ကျင်းပနေ

အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ သြစတြေးလျ ကာကွယ်ရေးဝန်ကြီးတွေ ဇွန် ၁၁ ရက်က စင်ကာပူမှာ တွေ့ဆုံပြီး လုံခြုံရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးနေပါတယ်။ 

အာရှရဲ့ ထိပ်တန်းလုံခြုံရေး ထိပ်သီးအစည်းအဝေး Shangri-La Dialogue ရဲ့ ဒုတိယနေ့မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ဟာ တောင်ကိုရီးယား အမျိုးသားကာကွယ်ရေး ဝန်ကြီး လီဂျွန်ဆက်ပ်နဲ့ အရင်ဆုံး တွေ့ဆုံခဲ့ပါတယ်။ 

အဲဒီနောက် သူတို့နှစ်ဦးဟာ ဂျပန်ကာကွယ်ရေးဝန်ကြီး နိုဘူအိုကီရှီနဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ 

အော်စတင်ဟာ နောက်ပိုင်းမှာ တခြားသုံးနိုင်ငံ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့ပြီး ဒီတကြိမ်မှာတော့ ဂျပန်ဝန်ကြီး ကီရှီနဲ့ရော သြစတြေးလျကာကွယ်ရေးဝန်ကြီး ရစ်ချတ်မာလက်စ်  တို့နဲ့အတူ ဆွေးနွေးခဲ့ပြီး အစည်းအဝေးပွဲ အသေးစိတ်ကိုတော့ ချက်ချင်း မသိရှိရသေးပါဘူး။ 

စင်ကာပူကာကွယ်ရေးဝန်ကြီး အန်အင်ဟန်းကတော့ တရုတ်နိုင်ငံဟာ  ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ ရုရှားရဲ့ စစ်ရေးပဋိပက္ခကို အမြန်ငြိမ်းချမ်းစွာ ဖြေရှင်း လိုကြောင်း ဇွန် ၁၁ ရက်က မီဒီယာကို ပြောကြားခဲ့ပါတယ်။ 

စင်ကာပူနိုင်ငံမှာ ပြုလုပ်နေတဲ့ ကာကွယ်ရေးဝန်ကြီး ၂၇ ဦးနဲ့ သူတို့ရဲ့ ကိုယ်စားလှယ်တွေရဲ့ တံခါးပိတ် အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။

အစည်းအဝေးကို အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖှုန်းဟယ်တို့လည်း တက်ရောက်ခဲ့ကြပြီး ဝန်ကြီးတွေဟာ တရုတ်နဲ့ ရုရှားကြား ဆက်ဆံရေးကို ဆွေးနွေးခဲ့ကြကာ မော်စကိုကို ပိုပြီးကန့်သတ်ထိန်းချုပ်ပေးဖို့ ပေကျင်းကို တောင်းဆိုခဲ့ကြပါတယ်။

ယူကရိန်းစစ်ပွဲမှာ တရုတ်-ရုရှား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ရှိ၊ မရှိနဲ့ ဝန်ကြီးတွေ က တရုတ်ကို ပိုဆောင်ရွက်ပေးဖို့ တိုက်တွန်းနေတာကို တရုတ်က ဘယ်လိုတုံ့ပြန်သလဲလို့ မေးမြန်းရာမှာ စင်ကာပူကာကွယ်ရေးဝန်ကြီးက ကျန်တဲ့နိုင်ငံတွေလိုပဲ တရုတ်က ဒီပဋိပက္ခ မဖြစ်စေချင်ပဲ မြန်မြန်ဆန်ဆန်ပဲ ငြိမ်းချမ်းတဲ့ ဖြေရှင်းမှုကို လိုချင်ကြောင်းပြောပါတယ်။

ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုတွေ ကြုံရမှာကို နားလည်ကြမယ်လို့ ထင်ကြောင်း၊ ဒါပေမဲ့ ရန်လိုမှုကို ဘယ်လိုတားဆီးနိုင်မလဲ၊ ဒီတခါ ဆွေးနွေးညှိနှိုင်းလို့ ပြေလည်သွားရင်၊ မြင့်မြတ်တဲ့ ဥပဒေတွေ စည်းမျဥ်းတွေ ပြိုလဲသွားရင် နိုင်ငံတကာဥပဒေကို ထပ်ပြီးချိုးဖောက်ဖို့ တိုက်တွန်းဦးမှာလား ဆိုပြီး ရှန်ဂရီလာ အစည်းအဝေးရဲ့  ပြင်ပမှာ  စင်ကာပူဝန်ကြီးက ပြောသွားပါတယ်။  

//
Up