ချန်ဂီလေဆိပ် ပြန်လည်စည်ကားလာတော့မည်ဟု စင်ကာပူဝန်ကြီး ပြော

စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်က ဝန်ထမ်းတွေဟာ လေဆိပ် ပြန်လည်စည်ကားလာမယ့်အပေါ် စိတ်လှုပ်ရှားနေကြတာ သိသိသာသာပဲလို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးက မတ် ၃၀ ရက်မှာ ပြောလိုက်ပါတယ်။
စင်ကာပူ သယ်ယူပို့ဆောင်ရေးဝန်ကြီး အဲ့စ်အစ်ဝါရန်က “ကျနော် ဝန်ထမ်းတွေနဲ့ တွေ့ခဲ့ပြီးပြီ။ သူတို့အားလုံး ချန်ဂီလေဆိပ် ပြန်စည်ကားလာတာကို မြင်ချင်တယ်လို့ ကျနော်ထင်တယ်” လို့ ပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါဘေး ၂ နှစ်ကြာအတွင်း ဝန်ထမ်းအင်အား လျော့သွားလို့ ဝန်ထမ်းတွေ ပိုခန့်ထားဖို့ လေကြောင်းလုပ်ငန်းက ရှာနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စင်ကာပူနိုင်ငံဟာ ကာကွယ်ဆေး အပြည့်ထိုးထားတဲ့ ခရီးသည် အားလုံးအတွက် နယ်စပ်တွေကို ဧပြီ ၁ ရက်ကစပြီး ပြန်ဖွင့်ပေးဖို့ ပြင်ဆင်နေတာပါ။
ဒါဟာ ဗိုင်းရပ်စ်နဲ့ အတူနေထိုင်ရေး နည်းလမ်းကို ပိုခိုင်ခိုင်မြဲမြဲ ကျင့်သုံးမယ့် အာရှနိုင်ငံတွေနဲ့ ပူးပေါင်းလိုက်တာလည်း ဖြစ်ပါတယ်။
စင်ကာပူဟာ အခန်းပြင်ပ ပါးစပ်နှာခေါင်းစည်းဝတ်ဖို့ လိုအပ်ချက်ကို ဒီသီတင်းပတ်ထဲမှာ ဖယ်ရှားပေးလိုက်ပြီး ပိုကြီးတဲ့ လူအုပ်တွေ စုရုံးခွင့်ကိုလည်း ခွင့်ပြုပေးခဲ့ပါတယ်။