မိုက်ခ်ပန့်စ်သတ္တိမရှိဟု သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့် ဝေဖန်

သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ဟာ သူ့လက်ထက်ဒုသမ္မတဟာင်း မိုက်ခ်ပန့်စ်ကို သတ္တိမရှိဘူးလို့ ဝေဖန်ပြောကြား လိုက်ပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်က ဒေါ်နယ်လ်ထရမ့်ပ်ကို ထောက်ခံသူတွေ လွှတ်တော် အဆောက်အအုံကို တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး အခုနောက်ဆုံးပြုလုပ်ခဲ့တဲ့ အမေရိကန်လွှတ်တော်ကော်မတီရဲ့ ကြားနာပွဲအပြီး ထရမ့်က ခုလိုပြောကြားခဲ့တာပါ။
ထရမ့်ဟာ ကွန်ဂရက်လွှတ်တော်မှာ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းပြန်လုပ်ပစ်ဖို့ မိုက်ခ်ပန့်စ်ကို အကြိမ်ကြိမ် ဖိအားပေးခဲ့ပြီး မိုက်ခ်ပန့်စ်ကလည်း ဒီလိုလုပ်ခွင့်မရှိကြောင်း အကြိမ်ကြိမ် ငြင်းဆိုခဲ့တယ်လို ဇွန် ၁၆ ရက်က မိုက်ခ်ပန့်စ်ရဲ့ လက်ထောက်ဟောင်းက ကော်မီတီကြားနာပွဲမှာ သက်သေထွက်ဆိုခဲ့ပါတယ်။
သူတို့ လွှတ်တော်အဆောက်အအုံကို ဝင်မစီးခင်မှာ ရဲတွေနဲ့ တိုက်ခိုက်နေတုန်း တချို့က မိုက်ခ်ပန့်ကို ချုပ်ထားဖို့ အော်ခဲ့ကြတယ်လို့လည်းဆိုပါတယ်။
သူ့ရဲ့သမီး အိုင်ဗန်ကာ၊ ရှေ့နေချုပ်ဟောင်း ဝီလျံဘားနဲ့ တခြားတာဝန်ရှိသူတွေ အပါအဝင် ထရမ့်ရဲ့မဟာမိတ် အများအပြားဟာထရမ့်ရဲ့ မှားယွင်းတဲ့ ပြောဆိုချက်တွေကို မယုံကြည်ခဲ့ကြောင်း ကော်မတီကို သက်သေခံခဲ့ကြပါတယ်။
ထရမ့်ဟာ စိစစ်ရေးကော်မီတီက ပါတီ နှစ်ခုလုံးရဲ့ကိုယ်စားလှယ် ၉ ဦးကိုလည်း ဝေဖန် တိုက်ခိုက်ခဲ့ပါတယ်။
ထရမ့်ပ်ဟာ ဂျိုးဘိုင်ဒင်ကို ရှုံးနိမ့်ရတာဟာ ကျယ်ကျယ်ပြန့်ပြန့် မဲလိမ်လည်မှုကြောင့် ဖြစ်ကြောင်း အကြိမ်ကြိမ် ပြောကြားနေတာဖြစ်ပြီး ဒါကို များပြားလှတဲ့ တရားရုံးတွေ၊ ပြည်နယ် ရွေးကောက်ပွဲ အရာရှိတွေနဲ့ ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ပယ်ချထားပါတယ်။