close

ထိုင်းတွင် ဇူလိုင် ၁ ရက်ကစပြီး Mask နှာခေါင်းစည်းများ မိမိဆန္ဒအတိုင်းဖြုတ်နိုင်

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေးအတွက် ၂ နှစ်ကျော်ကာလ နှာခေါင်းစည်းကို  လူတိုင်းအပြင်ထွက်တိုင်း မပျက်မကွက် တပ်ဆင်နေရတာမှာ  လာမယ့်ဇူလိုင် ၁ ရက်နေ့ကစ ကိုယ့် သဘောနဲ့ကိုယ် ဖြုတ်လိုဖြုတ်တပ်လိုက တပ်ဆင်နိုင်တော့မှာ ဖြစ်ပါတယ်။ 

မိမိတဦးတည်းရှိနေတဲ့အခါ၊ ကွင်းပြင်ကျယ်မှာ wခြားသူတွေနဲ့အလှမ်းဝေးနေတာမျိုးတွေမှာ ကိုယ့်သဘောနဲ့ကိုယ် Mask နှာခေါင်းစည်းမတပ်ဘဲနေလို့ရကြောင်း၊ ရုပ်သံသတင်းတင်ဆက်သူ တွေ အနေနဲ့လည်း လူစုလူဝေးထဲမှာရှိမနေရင် ဖြုတ်ထားလို့ရပြီလို့ ထိုင်းခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီး နိုင်းဖိဖတ်ရာ့ချ်ကစ်ပကန်က ပြီးခဲ့တဲ့ ဇွန် ၁၇ ရက် ထိုင်းနိုင်ငံ ကိုဗစ်-၁၉ အခြေအနေ ထိန်းချုပ်ကွပ်ကဲရေး ဗဟိုကော်မတီအစည်းအဝေးမှာ သတင်းထောက်တွေကို ပြောပါတယ်။ 

အဲဒီနေ့က အစည်းအဝေးမှာ Mask ဖြုတ်ရေးကိစ္စအပြင် ၇၇ ခရိုင် တနိုင်ငံလုံးကို ကိုဗစ်-၁၉ အ စိမ်း ရောင်ဇုန်အဖြစ် လျှော့ချသတ်မှတ်ပြီး စောင့်ကြည့်ဖို့သဘောတူခဲ့ပါတယ် ။ 

ဒါ့အပြင် အဖျော်ယမကာကိုလည်း မနက် ၂ နာရီထိ ရောင်းချခွင့်ရှိကြောင်း ၊ ဒါပေမယ့် နဂိုရှိရင်းစွဲဥပဒေတွေအတိုင်းလည်း လိုက်နာရမှာ ဖြစ်ပါတယ် ။ 

ပွဲလမ်းသဘင်ကျင်းပရာမှာလည်း လူဦးရေ ၂၀၀၀ ထက်ပိုရင်တော့ ခွင့်ပြုချက်တောင်းဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ 

ဈေးနဲ့အများဆိုင်ရာ ကုန်တိုက်တွေ ၊ အဆောက်အအုံ ဝင်ပေါက်တွေမှာ အဖျားတိုင်းတာတဲ့ပစ္စည်းနဲ့ အဝင်အထွက် လက်မှတ်ထိုးတဲ့စနစ်လည်း မတပ်ဆင်လိုက ရုပ်သိမ်းနိုင်ကြောင်း ၊ အေတီကေ ကိရိယာနဲ့ ကိုဗစ် ၁၉ စစ်ဆေးရာမှာ လူတိုင်းကိုစစ်စရာမလိုဘဲ သံသယရှိသူတွေကိုသာ စစ်ဆေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ် ။ 

ရွှေ့ပြောင်းအလုပ်သမားတွေဟာလည်း အရင်လိုပဲ ပုံမှန်နယ်မြေပြင်ပထွက်ခွါခြင်း ၊ ခရီးသွား လာခြင်းတွေ ပြုလုပ်လို့ရတော့မှာ ဖြစ်ပါတယ် ။ 

ဒါတွေဟာ ထိုင်းဝန်ကြီးချုပ်အမှူးပြုတဲ့ ဌာနပေါင်းစုံပါဝင်တဲ့  ထိုင်းနိုင်ငံ ကိုဗစ်-၁၉ အခြေအနေ ထိန်းချုပ်ကွပ်ကဲရေး ဗဟိုကော်မတီအစည်းအဝေးမှာ သဘောတူဆုံးဖြတ်ခဲ့တာဖြစ်ပြီး လာမယ့် ဇူလိုင်လ ၁ ရက်နေ့က စတင် အကျုံးဝင်မယ်လို့ ဆိုပါတယ် ။ 

//
Up