ယူကရိန်းကလေးငယ်များအား ကူညီရန် ရုရှားဂျာနယ်လစ်က သူရရှိသည့် နိုဘယ်လ်ဆုကို လေလံတင်ရောင်းချ

စစ်ဘေးဒုက္ခသည် ယူကရိန်းကလေးငယ်တွေကို ကူညီနိုင်ဖို့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ရုရှားဂျာနယ်လစ် ဒီမီထရီမူရာတော့ဗ်က သူရရှိခဲ့တဲ့ နိုဘယ်ဆုတံဆိပ်ကို အမေရိကန်ဒေါ်လာ ၁၀၃ သန်းခွဲနဲ့ လေလံတင်ရောင်းချလိုက်ပါတယ်။
ဒီမီထရီ မူရာတော့ဗ်ဟာ ရုရှားနိုင်ငံအခြေစိုက် သီးခြားလွတ်လပ်တဲ့ သတင်းစာတစောင်ဖြစ်တဲ့ နိုဗာရာဂဇေးတာသတင်းစာတိုက် တည်ထောင်သူ အယ်ဒီတာ တယောက်ဖြစ်ပြီး ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကိုတော့ လွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့် အတွက် တိုက်ပွဲဝင်ခဲ့တဲ့ ဖိလစ်ပိုင်သတင်းသမား မာရီယာရက်ဆာနဲ့အတူ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှာ ပူးတွဲလက်ခံရရှိခဲ့ကာ လတ်တလောမှာတော့ သူ့ရဲ့ဆုရောင်းချမှုကနေ ရရှိလာတဲ့ ငွေတွေကိုတော့ ယူကရိန်းစစ်ဘေးရှောင်ရွှေ့ပြောင်းဒုက္ခသည် ကလေးငယ်တွေကို ကူညီနေတဲ့ ယူနီဆက်ဖ်အဖွဲ့ကို လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
ဒီဆုကိုတော့ အမည်မဖော်လိုသူတယောက်က လေလံအောင်ဝယ်ယူသွားခဲ့တယ်လို့ နယူးယောက်မြို့မှာ လေလံတင်ရောင်းချမှုကို ဆောင်ရွက်ခဲ့တဲ့ Heritage Auctions လေလံရုံးက ထုတ်ပြန်ထားပြီး မူရာတော့ဗ်ရဲ့ နိုဘယ်ဆုကို လေလံတင်ရောင်းချရမှုဟာ လေလံတင်ရောင်းချဖူးသမျှ နိုဘယ်ဆုတွေရဲ့ စံချိန်တွေထက် အပြတ်အသတ်သာလွန်ခဲ့တယ်လို့ ဆိုပါတယ်။
မူရာတော့ဗ်ရဲ့ နိုဗာရာဂဇေးတာ သတင်းစာဟာ သမ္မတ ဗလာဒီမာပူတင်နဲ့ အစိုးရအဖွဲ့ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ယူကရိန်းစစ်ပွဲအကြောင်း သတင်းရေးသားတာတွေနဲ့ ပတ်သက်ကာ သတိပေးခံခဲ့ရပြီးနောက် ပြီးခဲ့တဲ့ မတ်လမှာ ထုတ်ဝေခွင့် ရပ်ဆိုင်းခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့လတုန်းက နယူးယောက်တိုင်းမ်သတင်းစာနဲ့ အင်တာဗျူးတခုမှာတော့ မူရာတော့ဗ်က ဒိန်းမတ်ရူပဗေဒပညာရှင် နီးယယ်စ်ဘောက သူရရှိခဲ့တဲ့ နိုဘယ်လ်ဆုကို ၁၉၃၉ ခုနှစ်က ဆိုဗီယက်ကျူးကျော်မှုအပြီး ဖင်လန်နိုင်ငံမှာ အရပ်သားတွေကို ကူညီကယ်ဆယ်ရေးအတွက် ရောင်းချခဲ့တာကို အားကျမိပြီး သူရရှိခဲ့တဲ့ ဆုကို ရောင်းချဖို့ စိတ်ကူးခဲ့မိတယ်လို့ ပြောထားပါတယ်။