ကနီမြို့နယ် မီးဘေးသင့်သူများအတွက် ကျပ်သိန်း ၃၀၀ ပေးအပ်လှူဒါန်း




စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးတာခံခဲ့ရတဲ့ အိမ်ခြေ ၂၁၁ အိမ်အတွက် ဇူလိုင် ၂ ရက်မှာ ကျပ်သိန်း ၃၀၀ ပေးအပ်လှူဒါန်းခဲ့တယ်လို့ ချင်းတွင်းရိုးမတော်လှန်ရေးအင်အားစုက ထုတ်ပြန်ပါတယ်။
အလှူငွေကို ကနီဒေသကနေ ဩစတြေးလျနိုင်ငံကို ရောက်သွားကြတဲ့ မြန်မာတွေနဲ့ ရပ်ဝေးရောက် ဒေသခံ ရွာသူရွာသားတွေက စုပေါင်းထောက်ပံ့လှူဒန်းတာ ဖြစ်တယ်လို့ သိရပါတယ်။
ချင်းတွင်းရိုးမ တော်လှန်ရေးအင်အားစု တာဝန်ရှိသူတစ်ဦးက"ဒီဒေသတွင်းကနေ ဩစတြေးလျနိုင်ငံရောက်နေတဲ့ ညီအစ်ကို မောင်နှမတွေနဲ့ ရပ်ဝေးရောက်နေတဲ့ ရွာသူရွာသားတွေက ဝိုင်ဝန်းထောက်ပံ့လှူဒါန်းကြတာပါ။ ဒါကို ကျနော်တို့အဖွဲ့က လက်ခံပြီး မီးဘေးသင့် ဒုက္ခသည်တွေလက်ထဲ ပေးအပ်ခဲ့ပါတယ်။ အခု မီးဘေးသင့်ခဲ့တဲ့ ပြည်သူတွေအနေနဲ့ လိုအပ်တာတွေလည်း အများရှိနေပါသေးတယ်။ စားဖို့ သောက်ဖို့၊ နေဖို့ ထိုင်ဖို့ အခက်ခဲတွေ အများကြီးပဲ။ တချို့ဆို တောထဲ ဖြစ်သလိုနေကြရတယ်" လို့ ပြောပါတယ်။
စုစုပေါင်း အလှူငွေကျပ်သိန်း ၃၀၀ အနက် ဩစတြေးလျရောက် ဒေသခံပြည်သူတွေ လှူဒါန်းတဲ့ ကျပ်သိန်း ၁၀၀ ကို တစ်အိမ်လျှင် ၃၅၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ အဝေးရောက် ကျေးရွာသူကျေးရွာသားတွေ လှူဒါန်းတဲ့ ကျပ် သိန်း ၂၀၀ ကို တစ်အိမ်လျှင် ၅၀၀၀၀ ကျပ်ဖြင့် လည်းကောင်း မီးဘေးသင့် ပြည်သူတွေထံ အသီးသီးပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ကနီမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မီးရှို့မှုတွေကြောင့် ကျေးရွာပေါင်း ၃၃ ရွာမှာ လူနေအိမ်ခြေ ၁၂၄၃ အိမ် မီးလောင်ဆုံးရှုံးခဲ့ရပြီး ပြည်သူ အယောက် ၇၅၇၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေရတယ်လို့ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
လက်ရှိမှာ ကနီမြို့နယ်အတွင်း မီးဘေးသင့်စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ နေထိုင်စားသောက်ရေးနဲ့ ကျန်းမာရေးအတွက် အရေးပေါ်ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။