close

ဝိုင်းမော်မြို့နယ်၌ စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာအနီးကို ဇူလိုင် ၁၁ ရက် ဒီကနေ့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို လေကြောင်းကနေလည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီညနေ ၄ နာရီလောက်က မြစ်ကြီးနားလေဆိပ်ကနေ လေယာဉ် နှစ်စီးနဲ့ မနေ့ညက ကေအိုင်အေနဲ့ တိုက်ပွဲဖြစ်ပွားရာနေရာအနီးကို စစ်ကောင်စီက လေကြာင်းကနေ   ၁၀ မိနစ်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ 

ဒီမနက် ၉ နာရီခန့်ကစတင်ပြီး အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခ.လ.ရ (၅၈) တပ်ရင်းက လည်း လက်နက်ကြီးနဲ့ ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဝိုင်းမော်မြို့နယ် နန်ဇော်ယန်ကျေးရွာတဝိုက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လီဆူပြည်သူ့စစ်တွေ အင်အား ၃၀၀ ကျော်လောက်ကပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ဇူလိုင် ၁၀ ရက်  ညနေ ၅ နာရီလောက်ကလည်း    ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ ၅ ရှိရာဘက်ကို  စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် KIA တပ်ရင်း ၃နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ 

"မနေ့က ညနေ ၂ နာရီလောက်က တိုက်ပွဲဖြစ်တာ။ ဒီမနက်ကျတော့ ဝိုင်းမော်မြို့က စစ်ကောင်စီတပ်ရင်း ၅၈ ကနေ လက်နက်ကြီးတွေနဲ့ ထုနေတာ။ ၂ နာရီလောက်က အထိ ပစ်နေကြတာ"

မြစ်ကြီးနားမြို့မှ  မိုင် ၂၀ ခန့် အကွာအဝေးမှာရှိတဲ့ ဝါးရှောင်ကျေးရွာအုပ်စုမှာ  လူဦးရေစုစုပေါင်း ၄၀၀၀ ကျော်နေထိုင်နေကြတာ ဖြစ်ပြီး  အခုပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နှစ်ဖက်တပ်ဖွဲ့တွေနဲ့ ဒေသခံတွေ ထိခိုက် ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။

//
Up