ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာအနီးကို ဇူလိုင် ၁၁ ရက် ဒီကနေ့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို လေကြောင်းကနေလည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီညနေ ၄ နာရီလောက်က မြစ်ကြီးနားလေဆိပ်ကနေ လေယာဉ် နှစ်စီးနဲ့ မနေ့ညက ကေအိုင်အေနဲ့ တိုက်ပွဲဖြစ်ပွားရာနေရာအနီးကို စစ်ကောင်စီက လေကြာင်းကနေ ၁၀ မိနစ်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
ဒီမနက် ၉ နာရီခန့်ကစတင်ပြီး အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခ.လ.ရ (၅၈) တပ်ရင်းက လည်း လက်နက်ကြီးနဲ့ ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဝိုင်းမော်မြို့နယ် နန်ဇော်ယန်ကျေးရွာတဝိုက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လီဆူပြည်သူ့စစ်တွေ အင်အား ၃၀၀ ကျော်လောက်ကပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
ဇူလိုင် ၁၀ ရက် ညနေ ၅ နာရီလောက်ကလည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ ၅ ရှိရာဘက်ကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် KIA တပ်ရင်း ၃နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
"မနေ့က ညနေ ၂ နာရီလောက်က တိုက်ပွဲဖြစ်တာ။ ဒီမနက်ကျတော့ ဝိုင်းမော်မြို့က စစ်ကောင်စီတပ်ရင်း ၅၈ ကနေ လက်နက်ကြီးတွေနဲ့ ထုနေတာ။ ၂ နာရီလောက်က အထိ ပစ်နေကြတာ"
မြစ်ကြီးနားမြို့မှ မိုင် ၂၀ ခန့် အကွာအဝေးမှာရှိတဲ့ ဝါးရှောင်ကျေးရွာအုပ်စုမှာ လူဦးရေစုစုပေါင်း ၄၀၀၀ ကျော်နေထိုင်နေကြတာ ဖြစ်ပြီး အခုပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နှစ်ဖက်တပ်ဖွဲ့တွေနဲ့ ဒေသခံတွေ ထိခိုက် ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ လေးကေ့ကော်ဒေသ ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၀ ရက်ကစတင်ပြီး တပတ်အတွင်း လေကြောင်းကနေ ၆ ကြိမ် ပစ်တိုက်ခိုက်ခဲ့ရာမှာ အရပ်သားပြည်သူ ၁ ဦးသေဆုံးခဲ့ကာ ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီဇင်ဘာ ၂၇ ရက်၊ မနေ့ မွန်းလွဲ ၃ နာရီခွဲလောက်ကလည်း စစ်ကောင်စီက လေကြောင်းကနေ ထပ်မံ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လေးကေ့ကော်မြို့သစ် စခန်းတာဝန်ရှိသူက ပြောပါတယ်။
မြဝတီမြို့တောင်ဘက် မေတ္တာလင်းမြိုင်ကျေးရွာနဲ့ ကျောက်လုံးကြီးဘက်ကနေ စစ်ကောင်စီရဲ့ တပ်တွေက လက်နက်ကြီး အချက်ပေါင်း ၁၀၀ ကျော်လောက် ပစ်ခတ်ခဲ့ပြီးနောက် လေကြောင်း ကနေ လေယာဉ်နှစ်စီးနဲ့ ထပ်မံလာရောက်ပစ်ခတ်ခဲ့တာပါ။
လေးကေ့ကော်စခန်း တာဝန်ရှိသူတစ်ဦးက "မနေ့က လေကြောင်းကနေ ထပ်လာပစ်တယ်။ ထိမှန်တဲ့သူတော့ မရှိဘူး။ ပစ်တာက ထီးမယ်ဝါးခီး၊ လေးကေ့ကော်နဲ့ မဲ့ထော်သလေးကို လာပစ်တာ။ မြေပြင်ကနေလည်း ပစ်တယ်" လို့ ပြောပါတယ်။
ဒီဇင်ဘာ ၁၅ ရက်ကစတင်ပြီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေပြင်းထန်လာတဲ့အတွက် လေးကေ့ကော်ဒေသတွင်း ကျေးရွာ ၁၀ ကျော်က ဒေသခံ ၁ သောင်းကျော်ဟာ ဆွေမျိုးတွေရှိရာ ကျေးရွာတွေနဲ့ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ လေးကေ့ကော်ဒေသကို လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန် သတ်မှတ်ပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။