close

Air India လေယာဉ် ဗုံးခွဲမှုမှ တရားသေလွတ်မြောက်ခဲ့သူ ဆစ်လူမျိုးလုပ်ငန်းရှင် ပစ်သတ်ခံရ

လူပေါင်း ၃၂၉ ဦး သေဆုံးခဲ့ရတဲ့ ၁၉၈၆ ခုနှစ်  Air India လေယာဉ် ဗုံးခွဲမှုကနေ တရားသေ လွတ်မြောက်ခဲ့ဖူးတဲ့ ကနေဒါနိုင်ငံသား ဆစ်ခ်လူမျိုးလုပ်ငန်းရှင် ရီပူဒါမန် ဆင်း မာလိခ်ဟာ ဇူလိုင် ၁၄ ရက်က ဗြိတိသျှကိုလံဘီယာပြည်နယ်မှာ ပစ်သတ်ခံခဲ့ရတယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။  

မာလိခ်  သေဆုံးမှုနဲ့ပတ်သက်ပြီး သတင်းအချက်အလက်ရရှိဖို့ ရိုက်တာရဲ့ တောင်းဆိုချက်ကို တုံ့ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၃၀ မိနစ် မတိုင်ခင်မှာ ပစ်ခတ်မှု တစ်ခုကို တာဝန်ရှိသူတွေဆီ သတင်းပေးပို့လာချက်အရ သေနတ်ဒဏ်ရာ ရတဲ့ အမျိုးသား တစ်ယောက်ကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ 

ကနေဒါတော်ဝင်ရဲတပ်ဖွဲ့ (RCMP)ရဲ့ ထုတ်ပြန်ချက်မှာ အဲဒီအမျိုးသားရဲ့နာမည်ကို ဖော်ပြမထားဘဲ ဗြိတိသျှ - ကိုလံဘီယာပြည်နယ် ဆာရေးမြို့က အခင်းဖြစ်ပွားတဲ့ နေရာမှာ သေဆုံးသွား ကြောင်းသာ ပြောထားပါတယ်။ 

RCMP မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သေဆုံးသူကို အမည်မဖော်နိုင်သေးဘဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေကြောင်း ပြောကြားခဲ့ပါတယ်။ 

ဒေသခံမီဒီယာတွေကတော့ သတင်းရင်းမြစ်တွေနဲ့ မျက်မြင်သက်သေ တစ်ဦးကို ကိုးကားပြီး အဲဒီအမျိုးသားဟာ မာလိခ် ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ 

၁၉၈၅ ခုနှစ်က အတ္တလန္တိတ် သမုဒ္ဒရာမှာ ပေါက်ကွဲခဲ့တဲ့ အဲအိန္ဒိယလေကြောင်း ခရီးစဉ်အမှတ် 182 တိုက်ခိုက်မှုဟာ သမိုင်းမှာ အဆိုးရွားဆုံး စီးပွားရေးလုပ်ငန်းသုံး လေယာဉ်တစ်စင်း ဗုံးခွဲခံရမှု တစ်ခုဖြစ်ပါတယ်။ 

၁၉၈၄ ခုနှစ်က Amritsar ရှိ ဆစ်ခ်ဘာသာဝင်တွေရဲ့ရွှေဘုရားကျောင်းကို ဝင်ရောက် တိုက်ခိုက် ခံခဲ့ရတဲ့အတွက် အိန္ဒိယကို လက်စားချေဖို့ ကနေဒါမှာ နေထိုင်တဲ့ ဆစ်ခ် အစွန်းရောက်တွေက ကြံစည်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က စွပ်စွဲထားပါတယ်။ 

ဒီအမှုအတွက် ဗြိတိသျှ-ကိုလံဘီယာပြည်နယ်မှာနေတဲ့ မာလိခ် နဲ့ လွှစက်လုပ်သား အဂျေ့ဘ် ဆင်းန် ဘာဂရီ တို့ကို  ၂၀၀၀ ခုနှစ်မှာ တရားစွဲဆိုခဲ့ပါတယ်။ 

ဒါ့အပြင် ဂျပန်နိုင်ငံ နာရီတာလေဆိပ်မှာ ခရီးဆောင်အိတ် ဗုံးတစ်လုံး ပေါက်ကွဲသွားချိန်မှာ သေဆုံးသွားတဲ့ ခရီးဆောင်အိတ် ကိုင်ဆောင်သူ နှစ်ဦးကို သတ်ဖြတ်မှုနဲ့လည်း စွဲချက်တင်ခံ ထားရပါတယ်။ 

၂ နှစ်နီးပါးကြာ ရုံးတင်စစ်ဆေးပြီး သက်သေ ၁၁၅ ဦးထံမှ ကြားနာမှုအပြီး ၂၀၀၅ ခုနှစ်မှာတော့ သူတို့ နှစ်ဦးစလုံး စွဲချက်ကနေ တရားသေလွတ်မြောက်ခဲ့ပါတယ်။

//
Up