ရုရှားရုပ်သံလိုင်း ဒို့ဇ်ဒ်(TV Rain) ပြည်ပမှ ရုပ်သံပြန်ထုတ်လွှင့်

ရုရှားရုပ်သံလိုင်း ဒို့ဇ်ဒ် (TV Rain) ဟာ ရုရှားရဲ့ ယူကရိန်းအပေါ်ကျူးကျော်စစ်ပွဲစပြီးနောက်မှာ သူ့ရဲ့မော်စကိုမြို့ရှိ စတူဒီယိုကို ပိတ်ခိုင်းခံခဲ့ရပြီးနောက် ဇူလိုင် ၁၈ ရက် ညနေမှာ ပြည်ပကနေ ပြန်လည်ထုတ်လွှင့်ခဲ့ပါတယ်။
ဒို့ဇ်ဒ် ရုပ်သံလိုင်းဟာ ဥရောပသမဂ္ဂထံကနေ ရုပ်သံထုတ်လွှင့်ခွင့် လိုင်စင်ကို လက်ခံရရှိထားပြီး လတ်ဗီးယား၊ ပြင်သစ်၊ နယ်သာလန်နဲ့ ဂျော်ဂျီယာနိုင်ငံတို့ရှိ စတူဒီယိုတွေကနေ အလုပ်လုပ်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒီရုပ်သံလိုင်းကို ရုရှားမှာ ဆင်ဆာ မဖြတ်ထားတဲ့ YouTube ချန်နယ်မှာလည်း ထုတ်လွှင့်သွားမှာ ဖြစ်ပြီး ဒါဟာ ရုရှားရှိ လူအများစု ကြည့်ရှုနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်ဖွယ်ရှိပါတယ်။
ရုရှားမှာ ချမှတ်ထားတဲ့ ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေနဲ့ စစ်ရေးဆင်ဆာဖြတ်တောက်မှုတွေကြောင့် နေရပ်ကနေ ထွက်ခွာခဲ့ရကြောင်းနဲ့ အခုတော့ နိုင်ငံပြင်ပကနေ အလုပ်တွေ ပြန်စနေပါပြီ လို့ ဒို့ဇ်ဒ် ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်မှာ ဒို့ဇ်ဒ် ကို ကရင်မလင် စာနယ်ဇင်းလောက ကနေ ထုတ်ပယ်ခဲ့ပြီး "နိုင်ငံခြားအေးဂျင့်" လို့ ရုရှားအစိုးရက တံဆိပ်တပ်ခဲ့ပါတယ်။
ရုရှားရဲ့ဆက်သွယ်ရေးစောင့်ကြည့်ရေးအဖွဲ့က ဒို့ဇ်ဒ်ရဲ့ ထုတ်လွှင့်ချက်ကို ပိတ်ဆို့ထားကြောင်း မတ် ၁ ရက်က ကြေညာခဲ့ပြီး ယူကရိန်းမှာ ရုရှားစစ်တပ်အရာရှိတွေရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ သတင်းအချက်အလက်တွေကို ဖြန့်ကြောင်း စွပ်စွဲထားပါတယ်။
နောက်တစ်နေ့မှာ သူ့အဖွဲ့ကတော့ ရုရှားနိုင်ငံမှ ထွက်ခွာသွားပြီဖြစ်ကြောင်း ဒို့ဇ်ဒ် ရုပ်သံလိုင်းက ကြေညာခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ရုပ်ရှင် "Tango with Putin" ရုပ်ရှင်ဇာတ်ကားထဲမှာ ထည့်သွင်းပုံဖော်ထားတဲ့ Dozhd ရုပ်သံဌာနကို ၂၀၁၁ ခုနှစ်မှာ အဲဒီအချိန်က သမ္မတ ဒီမီထရီ မက်ဗီဒက် က လာရောက်ကြည့်ရှုခဲ့ကာ ချီးမွမ်းခံခဲ့ရဖူးပါတယ်။
ဗလာဒီမာပူတင် ၂၀၂၁ ခုနှစ်မှာ သမ္မတတာဝန် ပြန်ထမ်းဆောင်ချိန် ကတည်းက ဒို့ဇ်ဒ်ရုပ်သံဌာန လည်း အမှီအခိုကင်းတဲ့ ရုရှား မီဒီယာအားလုံးလိုပဲ နှောင့်ယှက်ခံခဲ့ရပါတယ်။