close

ကနီမြို့နယ် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ငါးဖျက်ကျေးရွာကို မီးရှို့ပြန်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ အကြား ဇူလိုင် ၂၃ ရက် ဒီနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ငါးဖျက်ကျေးရွာမှာ ဇူလိုင် ၂၂ ရက်က တပ်စွဲနေရာယူထားချိန် ထိတွေ့တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာလို့  ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ 

ဇူလိုင် ၂၃ ရက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်းကနေ ပြန်မဆုတ်ခင်မှာ လူနေအိမ်တချို့ကို မီးရှို့သွားခဲ့လို့  နေအိမ် ၁၀ လုံးနီးပါး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီနောက်မှာတော့ မီးရှို့ပြန်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးမှု ရှိနိုင်တယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပေမဲ့ အတိအကျမသိရသေးပါဘူး။  

ကနီမြို့နယ်မှာ ဇူလိုင် ၁၈ ရက်မှ ၂၃ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား နေ့စဉ် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။

//
Up