close

ယူကရိန်းအတွက် စစ်ဘက်ဆိုင်ရာအကူအညီ EU နှင့်အမေရိကန်တို့ ပူးတွဲထောက်ပံ့မည်

ဥရောပသမဂ္ဂ (EU) နဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ယူကရိန်းနိုင်ငံအတွက် စစ်ဘက်ဆိုင်ရာ အထောက်အပံ့ အတွဲသစ်တရပ်ကို ဇူလိုင် ၂၂ ရက်က သဘောတူခဲ့ကြပါတယ်။ 

အီးယူက ယူကရိန်းနိုင်ငံကို စစ်လက်နက်တွေနဲ့ ပစ္စည်းတွေ ထောက်ပံ့ဖို့အတွက် နောက်ထပ် ယူရိုငွေ သန်း ၅၀၀ ကို အတည်ပြုခဲ့ကြောင်း ဥရောပကောင်စီက ဇူလိုင် ၂၂ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

အဲဒီထဲမှာ ယူရိုငွေ သန်း ၄၉၀ က စစ်လက်နက်ပစ္စည်းတွေအတွက် ဖြစ်ပြီး ယူရို ၁၀ သန်းကတော့ ကိရိယာတန်ဆာပလာတွေ ဖြည့်ဆည်းဖို့အတွက် နဲ့ တကိုယ်ရေ အကာအကွယ်ပစ္စည်း၊ ရှေးဦးသူနာပြု ကိရိယာတွေနဲ့ လောင်စာဆီတွေလို ထောက်ပံ့ရေးပစ္စည်းတွေအတွက် ရည်ရွယ်ထားကြောင်းလည်း ဆိုပါတယ်။ 

ဒါဟာ အီးယူအဖွဲ့ဝင်နိုင်ငံတွေကနေ ၅ ကြိမ်မြောက် စစ်ရေးအကူအညီဖြစ်ပြီး အခုချိန်ထိ ယူကရိန်းစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ စုစုပေါင်း ယူရို ၂ ဒသမ ၅ ဘီလီယံကို ပေးအပ်ထားပါတယ်။ 

ယူကရိန်းနိုင်ငံအတွက် နောက်ထပ်လုံခြုံရေးအကူအညီအဖြစ် အမေရိကန် ဒေါ်လာ သန်း ၂၇၀ ကို ကာကွယ်ရေးဌာန (DoD) က ကြေညာလိုက်ပြီး အဲဒီထဲမှာ HIMARS ဒုံးကျည်စနစ် ၄ ခုနဲ့ ခဲယမ်းမီးကျောက်တွေအပြင် ဖီးနစ်ခ်စ်-တစ္ဆေ နည်းဗျူဟာကျ မောင်းသူမဲ့ ဒရုန်းယာဉ် အခု ၅၈၀ အထိ ပါဝင်ပါတယ်။ 

ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်က ဒါဇင်နဲ့ချီတဲ့ အမြောက်လက်တွေနဲ့ အမြောက်ဆန် ၅ သောင်းလောက်အပြင် တင့်ကားဖျက် လက်နက်စနစ် ၁၆၀၀ ကျော် ပါရှိတဲ့ စစ်ရေးအကူအညီကို ပေးပို့ခဲ့ကြောင်း ဇူလိုင် ၂၁ ရက်မှာ ကြေညာခဲ့ပါတယ်။ 

ယူကရိန်းကို ထောက်ပံ့ပေးတဲ့ လက်နက်တချို့ဟာ မှောင်ခိုဈေးကွက်တွေကနေ အစွန်းရောက်တွေ နဲ့ အကြမ်းဖက်သမားတွေ လက်ထဲကို ရောက်ရှိလာကြောင်း မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ NATO နဲ့ EU တို့က ကောင်းကောင်းသိထားတယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ဇူလိုင် ၂၂ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဥရောပသမဂ္ဂ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Europol) ပြောရေးဆိုခွင့်ရှိသူက ခြေရာဖျောက် လျှို့ဝှက် ဝက်ဘ်ဆိုက်တွေမှာ အမေရိကန်လုပ် အလတ်စား ခေတ်မီတင့်ကားဖျက်လက်နက် FGM-148 Javelin ကို ရောင်းဖို့ တင်ထားတာရှိကြောင်း  ပြောကြားခဲ့တယ်လို့ ဂျာမန်မီဒီယာတွေက ဆိုထားပါတယ်။ 

ဟုတ်မှန်မှု ရှိ၊ မရှိ ကို ဆက်စစ်ဆေးဖို့တော့ လိုအပ်နေပါသေးတယ်။ 

ယူကရိန်းမှ မှောင်ခိုဈေးကွက်မှာ လက်နက်နဲ့စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေကို ရောင်းဝယ် ဖောက်ကားမှုတွေဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တွေကို Europol ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးသွားမယ်လို့ ယူကရိန်း အမျိုးသားလုံခြုံရေး နဲ့ ကာကွယ်ရေး ကောင်စီ NSDC အတွင်းရေးမှူး အိုလေ့က်စီးယိ ဒန်ညီလော့ဗ်က ဇူလိုင် ၂၂ ရက်မှာ တုံ့ပြန်ခဲ့ပါတယ်။ 

//
Up