close

စစ်ကောင်စီတပ်အရာရှိများကို ဂျပန်အစိုးရက ခေါ်ယူပညာသင်ပေးသည့်အပေါ် ကန့်ကွက်ဆန္ဒပြ

ပြည်သူကိုသတ်ဖြတ်နေတဲ့ လူသတ်အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အရာရှိတွေကို  ဂျပန်အစိုးရက  ခေါ်ယူပညာသင်ကြားပေးနေတဲ့အပေါ် ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့  ဂျပန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ မြန်မာ့အရေးစိတ်ဝင်စားတဲ့ ဂျပန်လူမျိုးတွေ ရာနဲ့ချီပြီး တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ဇူလိုင် ၂၉ ရက် ဒီနေ့ ညနေပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်သူ တိုကျိုမြို့နေ လူငယ်တဦးဖြစ်တဲ့ ကိုသူရကျော်က “ကျနော်တို့ တားနေတဲ့ကြားက ပြည်သူကိုသတ်နေတဲ့ ဒီ စစ် (-) တွေကို ဂျပန်ခေါ်ပြီး သင်ပေးနေပါတယ်။ အပြစ်မဲ့ပြည်သူတွေကို သူတို့ သင်ပေးတဲ့ကောင်တွေက သတ်ဦးမယ်။ ဒါကို သိသိကြီးနဲ့ဆက်ပြီး စစ်ပညာသင်ပေးဖို့ ခေါ်နေတာ သူတို့မှာတာဝန်ရှိတယ်။  ဒါကြောင့်မို့ အခုလိုလာဆန္ဒပြတာပါ” လို့ ပြောပါတယ်။

မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းက အပြင်းအထန် ကန့်ကွက်တားမြစ်နေတဲ့ကြားက အကြမ်းဖက်မြန်မာစစ်ကောင်စီတပ်ရဲ့ အရာရှိ  ၄ ယောက်ဟာ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ ဂျပန်ကာကွယ်ရေးစစ်တက္ကသိုလ်မှာ တက်ရောက်ဖို့ ပြီးခဲ့တဲ့ ဇွန်လက စတင်ရောက်ရှိလာတဲ့အပေါ် ကန့်ကွက်ဆန္ဒပြကြတာပါ။

အကြမ်းဖက် စစ်ကောင်စီသင်တန်းသားတွေကို ဂျပန်က ဆက်လက်လက်ခံ ခေါ်ယူ စစ်ပညာသင်ပေးနေတာဟာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူတွေကို သေဒဏ်ပေးသတ်ဖြတ်ဖို့နဲ့ မြန်မာပြည်သူတွေကို ပိုမိုသတ်ဖြတ်ဖို့ စစ်ကောင်စီကို ယုံကြည်မှုပိုမိုရရှိစေတဲ့ အတွက် ဂျပန်အစိုးရမှာလည်း တာဝန်မကင်းဘူးလို့ ဆန္ဒပြသူတွေက ပြောပါတယ်။  

တိုကျိုမြို့နေ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားဟောင်း ဦးဝင်းကျော်က “ကျနော်အနှစ် ၃၀ ကျော် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပြတ်သားဖို့ ဂျပန်မှာ တောက်လျှောက် အခုအချိန်ထိ တောင်းဆိုလာခဲ့တာ။ အခုပြည်သူတွေကို သတ်နေတဲ့ကောင်တွေကို ထပ်ပြီး ဂျပန်အစိုးရက ထပ်စစ်ပညာသင်ပေးတယ်။ ဂျပန်အစိုးရက သူ့တို့နောက်မှာရှိတယ်လို့ စစ်တပ်က ကောင်တွေက ယုံကြည်သွားပြီး သေဒဏ်ပေးတယ်လို့လည်း ဆိုရနိုင်တယ်။ ဒီမြန်မာပြည်သူတွေကို သတ်နေတဲ့ စစ်ကောင်စီ လူသတ်သမားတွေကို အားပေးရာရောက်တယ်။ ဒါကြောင့် သူတို့ ဂျပန်အစိုးရမှာ တာဝန်ရှိတယ်လို့ ယူဆပြီး အခု ဒီနိုင်ငံခြားရေးရုံးရှေ့လာဆန္ဒပြတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

တိုကျိုမြို့နေ မအိအိခိုင်က “ဂျပန်အစိုးရဟာ မြန်မာပြည်သူတွေ မယုံကြည်နိုင်လောက်အောင် နောက်ကွယ်မှာ လှုပ်ရှားမှုတွေ အများကြီးတွေရပါတယ်။ ဒီစစ်သင်တန်းသားတွေခေါ်တဲ့အပြင် အာဏာသိမ်းတာကို တရားဝင်ထောက်ခံတဲ့ ဒီဂျပန်-မြန်မာအသင်း ဥက္ကဋ္ဌ နေပြည်တော်မှာ  သွားခိုးတွေ့တဲ့အခါ ဂျပန်အစိုးရ ပတ်သက်နေတဲ့ အစီရင်ခံစာတွေ ထွက်လာတာတွေ တွေ့ရပါတယ်။ ဒါကြောင့် ဂျပန်အစိုးရကို မယုကြည်လို့ အခုလို လာရောက်ပူးပေါင်းခဲ့တာ” လို့ ပြောပါတယ်။ 

မြန်မာပြည်သူများရဲ့ ဆန္ဒသဘောထားတောင်းဆိုစာကိုလည်း လာရောက်ဆန္ဒပြသူတွေကိုယ်စား ဦးမြင့်ဆွေက ဂျပန်နိုင်ငံခြားရေးရုံးမှ တာဝန်ရှိသူအရာရှိတဦးကို ဝင်ရောက်ပေးခဲ့ပြီး ဂျပန်ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဆီ ပေးပို့မယ်လို့ တာဝန်ခံအရာရှိက အာမခံပြောဆိုခဲ့ကြောင်း သိရပါတယ်။

//
Up