close

သံတွဲမြို့ခံပန်းချီဆရာမ ၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး အကြမ်းဖက်ဥပဒေဖြင့် အရေးယူ

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ  ပန်းချီဆရာမ တယောက်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဇူလိုင် ၂၇ ရက်မှာ မတရားဖမ်းဆီးပြီး  အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ အရေးယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ နွေဦးတော်လှန်ရေးကို အားပေးကူညီတဲ့ ပို့စ်တွေဖြန့်ဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပန်းချီဆရာမ ဒေးဒေး  (ခ) မရွှန်းစန္ဒာကို သံတွဲမြို့မ ရဲစခန်းမှူးက တရားလိုလုပ် ဖမ်းဆီးအရေးယူခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပြီး စစ်ကောင်စီကလည်း ဇူလိုင် ၂၈ ရက် ညပိုင်းမှာ ဒီအကြောင်းကို ထုတ်ပြန်ပါတယ်။

ပန်းချီဆရာမ ဒေးဒေးဟာ ပုံတူပန်းချီကားတွေ၊ ကျောက်တုံးပေါ်မှာ ပန်းချီရေးဆွဲတဲ့ Stone Art ပန်းချီတွေကို အဓိက ရေးဆွဲသူတယောက်ဖြစ်ပြီး ဆူရှီဆိုင်လည်း ဖွင့်လှစ်ထားပါတယ်။

ပန်းချီဆရာမရဲ့ မိတ်ဆွေတယောက်က "မဒေးဒေးက အနေအေးတယ်။ ပွင့်ပွင့်လင်းလင်း စကားပြောတတ်တဲ့သူတယောက်ပဲ။ တခါတလေ သူဖေ့စ်ဘွတ်မှာ (တော်လှန်ရေးနဲ့ပတ်သက်လို့) သူ့ရဲ့ မကျေနပ်ချက်တွေကို တင်တာမျိုးရှိတယ်။ အဲဒါကို ကြည့်မရတဲ့ သူတွေက တိုင်လို့ အဖမ်းခံရတယ်လို့ သိရတယ်" လို့ ပြောပါတယ်။

ပန်းချီဆရာမ ဒေးဒေးဟာ အမေနဲ့ မောင်ဖြစ်သူတို့နဲ့အတူ သံတွဲမြို့ အမှတ် ၅ ရပ်ကွက်မှာ နေထိုင်ပါတယ်။

//
Up