close

မြို့တော်ခန်းမအနီး ဗုံးကွဲမှု ရဲ ၅ ဦး အပါအဝင် ၇ ဦး ဒဏ်ရာရ၊ လူငယ် ၂ ဦး ဖမ်းဆီးခံရ

ရန်ကုန်မြို့တော်ခန်းမအနီးမှာ ဇူလိုင် ၃၀ ရက် ဒီနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုမှာ ရဲတပ်ဖွဲ့ဝင်‌ ၅ ယောက်အပါအဝင် ၇ ယောက် ဒဏ်ရာရရှိခဲ့ပြီး ပေါက်ကွဲမှုနဲ့ပတ်သက်လို့ သံသယရှိတဲ့   လူငယ် ၂ ယောက်ကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။

ကျောက်တံတားမြို့နယ် ၃၄ လမ်း မြို့တော်ခန်းမအနောက်ဖက်ဂိတ်အနီးမှာ  ဒီမနက် ၁၁ နာရီက ဗုံးနဲ့ပစ်ခတ်ခံရတာဖြစ်ပြီး  ရဲတပ်ဖွဲ့ဝင်  ၅ ယောက်အပါအဝင် ၇ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရဲအရာရှိ တယောက်က  ပြောပါတယ်။

"ဗုံးနှစ်လုံးအပစ်ခံရတာ တစ်လုံးပေါက်တယ်။ တစ်လုံးက မပေါက်ဘူး အဲဒီမှာ စောင့်နေတဲ့ ရဲ ၅ ဦးနဲ့ စုစုပေါင်း ၇ ဦး ဒဏ်ရာရတယ်၊ ဆေးရုံကို ပို့ထားတယ်။ ဗုံးလာပစ်တယ်လို့ ထင်ရသူ နှစ်ဦး ဖမ်းထားတယ်။”

မြို့တော်ခန်းမအနောက်ဘက် လုံခြုံရေးဆောင်ရွက်နေတဲ့ ဂိတ်မှာဗုံးပေါက်ကွဲမှုကြောင့် လုံခြုံရေးစောင့်နေတဲ့ ရဲ ၅ ယောက်၊ စည်ပင်ဝန်ထမ်းတယောက်နဲ့ လမ်းလျှောက်လာသူ အမျိုးသမီး တယောက်တို့ ဗုံးစထိမှန်ဒဏ်ရာရပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ ဒေသခံ အုပ်ချုပ်ရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

"ရဲ ငါးဦးကတော့  စိုးရိမ်ရတယ်။ ကျန်တဲ့ နှစ်ဦးက သိပ်မစိုးရိမ်ရဘူး။ အခုဆေးရုံမှာ။  လူတချို့ ဖမ်းမိတယ်လို့ တပ်ဘက်က ပြောတာကြားတယ်။"

ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေက  ကျောက်တံတားမြို့နယ် ၃၇ လမ်း အောက် ဘလောက်မှာ လမ်းလျှောက်တဲ့ လူငယ် နှစ်ဦးကို သေနတ်နဲ့ချိန်ကာ ဖမ်းသွားတယ်လို့ မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောပါတယ်။

"ကောင်လေးနှစ်ယောက်ကို သေနတ်တွေနဲ့ချိန်၊  ဒူးထောက်ခိုင်းထားပြီး လက်ထိပ် နောက်ပြန် ခတ်ပြီး စစ်ကားနဲ့ခေါ်သွားတာ"

လတ်တလောမှာ မြို့တော်ခန်းမ ဆူးလေနဲ့အနီးတဝိုက်မှာ လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

//
Up