close

သာကေတတွင် ပစ်ခတ်မှုနှင့် ဗုံးကွဲမှုများဖြစ်ပွား

ရန်ကုန်၊ သာကေတမြို့နယ်မှာ ဇူလိုင် ၂၇ ရက်ညက  အမှတ် ၁ မြို့မရဲစခန်း၊ စာတိုက်နဲ့ ဘောလုံးကွင်းတို့မှာ အပြန်အလှန်ပစ်ခတ်မှုနဲ့ ဗုံးနှစ်ကြိမ်ပေါက်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သာကေတမြို့နယ် အမှတ် ၁ ရဲစခန်းမှာ မနေ့ည ၈ နာရီက ဗုံးနဲ့ပစ်ခတ်ခံရပြီးနောက် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာလို့ ရဲစခန်းအနီးနေထိုင်သူတစ်ဦးက  ပြောပါတယ်။

“ပထမဗုံးပေါက်သံကြားတယ်။ ပြီးတော့ သေနတ်သံတွေ ကြားတယ်။ အပြန်အလှန်ပစ်တဲ့ပုံစံမျိုး ဘယ်သူတွေ သေလဲဆိုတာတော့ မသိဘူး။” 

ဒီလို ပစ်ခတ်မှုတွေဖြစ်ပြီးနောက် ည ၉ နာရီလောက်မှာ  မြင်တော်သာလမ်းရှိ မြို့နယ်စာတိုက်ရုံးရှေ့မှာ ဗုံးပေါက် ကွဲမှုဖြစ်ခဲ့တယ်လို့ အမှတ် ၉ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

အလားတူ ည ၉ နာရီ ၁၅ မိနစ်လောက်မှာလည်း ၉ ရပ်ကွက်၊ ဧရာဝဏ်လမ်း ဘောလုံးကွင်းအနီးမှာ ဗုံးထပ်မံပေါက်ခဲ့ပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက “ ရဲစခန်းကို ဗုံးနဲ့ လာပစ်လို့ စခန်းမှာစောင့်နေတဲ့ စစ်သားတွေက ပြန်ပစ်တာ ဟိုဘက်ကလည်း ပြန်ပစ်တယ်လို့သိရတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ကိစ္စတော့ မသိဘူး ပစ်ခတ်မှုပြီးတော့ ဗုံးနှစ်ကြိမ်ထပ်ပေါက်တယ်"လို့  ပြောပါတယ်။

မြင်တော်သာလမ်းမပေါ်ရှိ အမှတ် ၁ ရဲစခန်းအနီးမှာ ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ စုပေါင်းတော်လှန်ရေးတပ်ဖွဲ့ URF (PDF - UG) တာဝန်ရှိသူ ကိုအောင်ဇေယျက ပြောပါတယ်။

“ကျနော်တို့အဖွဲ့ကအရင်က ထောက်ပို့အဓိကပါ။ အခုက ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ အပါအဝင် မတရားကြိုးပေးခံရသူတွေအတွက် Mission တွေ စဝင်တာဖြစ်ပါတယ်။”

သာကေတရဲစခန်းအနီး ပေါက်ကွဲမှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေရှိနိုင်ပြီး အတိအကျကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်မှာ စစ်ကောင်စီဘက်က ရမ်းသန်း ခြောက်လှန့်ပစ်ခတ်ခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

မြင်တော်သာလမ်းမပေါ်မှာလည်း စစ်ကားနှစ်စီးနဲ့လှည့်လည် စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ရဲတွေဟာ ရပ်ကွက်တချို့ကို ဧည့်စာရင်းစစ်ခဲ့တယ်လို့   မြို့ခံတစ်ဦးက ပြောပါတယ်။

တောင်ဒဂုံမြို့နယ်မှာလည်း မနေ့ည ၉ နာရီ ၁၅ မိနစ်လောက်က  ပေါက်ကွဲသံ နှစ် ကြိမ် ကြားခဲ့ရပြီး ပစ်ခတ်သံတချို့လည်း ကြားခဲ့ရတယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ကလည်း ရွှေပြည်သာမြို့နယ်တရားရုံး၊ အလုံမြို့နယ်လဝကရုံးနဲ့ လှိုင်မြို့နယ်တို့မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ်မှာ ပစ်ခတ်မှု တချို့ဖြစ်ခဲ့ပါသေးတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုဂျင်မီ၊  အန်အယ်လ်ဒီအမတ်ဟောင်း ကိုဇေယျာသော် အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၄ ယောက်ကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်ခဲ့တာနဲ့ ပတ်သက်ပြီး တော်လှန်ရေး အင်အားစုတွေဘက်က နည်းလမ်းပေါင်းစုံနဲ့ လက်တုံ့ပြန်မယ်လို့ ထုတ်ဖော်ကြေညာထားပါတယ်။

//
Up