close

ထိုင်းရောက် ၄ နိုင်ငံမှ အထောက်အထားမဲ့ရွှေ့ပြောင်းလုပ်သားများ ၁၅ ရက်အတွင်း မှတ်ပုံတင်နိုင်

ထိုင်းနိုင်ငံထဲမှာ အထောက်အထားမရှိဘဲ ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာ၊ လော၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် စတဲ့ ၄ နိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေ ဩဂုတ် ၁ ရက်မှ ၁၅ ရက်နေ့အတွင်း တရားဝင်မှတ်ပုံတင်ဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ် ။

သက်ဆိုင်ရာအလုပ်ရှင်တွေဟာ မိမိ ငှားရမ်းခန့်ထားတဲ့ တရားမဝင် အလုပ်သမားတွေရဲ့ အမည်နဲ့ မျက်နှာထင်ရှားသော ဓာတ်ပုံကိုတွဲပြီး အလုပ်သမားရှာဖွေခန့်ထားရေးဌာန ဝက်ဘ်ဆိုက် https://e-workpermit.doe.go.th/MOU-CLMV/main.php?menu=register  ထဲမှာ လိုအပ်တဲ့ အချက်အလက်တွေရေးသွင်းပြီး မှတ်ပုံတင်ထားရမှာ ဖြစ်ပါတယ်။ ဌာနက လက်ခံပြီဆိုရင် ကုတ်နံပါတ်ရလာမှာ ဖြစ်ပါတယ်။  

အဆိုပါကုတ်နံပါတ်နဲ့ krungthai Bank ဘဏ်ထဲမှာ မှတ်ပုံတင်ခ ဘတ် ၁၀၀ နဲ့ အလုပ်လုပ်ခွင့်ပါမစ်ကြေး ဘတ် ၉၀၀ ငွေသွင်းရပါမယ်။  အဲဒီနောက် ဩဂုတ် ၁၆ ရက်မှ အောက်တိုဘာ ၁၅ ရက်အတွင်း အလုပ်သမားကတ်  (ဝေါ့ခ်ပါမစ်) လျှောက်ထားရမှာပါ။ ဝေါ့ခ်ပါမစ်ကတ် မရသေးခင်မှာ  အလုပ်သမားရုံးက ထုတ်ပေးတဲ့ ငွေရပြေစာတွေကို ကတ်အစား ယာယီအသုံးပြုနိုင်ပါတယ်။ 

၂၀၂၂ ဩဂုတ် ၁၆ ရက်မှ ၂၀၂၃ ဖေဖော်ဝါရီ ၁၃ ရက်အတွင်း လူမှုဖူလှုံရေးကတ် လုပ်ရမှာဖြစ်ပြီး လူမှုဖူလှုံရေး လုပ်ခွင့်မရသေးတဲ့ လုပ်ငန်းအမျိုးအစားက အလုပ်သမားတွေကတော့ ကျန်းမာရေး အာမခံလုပ်ထားရမှာ ဖြစ်ပါတယ်။ ဒီကာလတွင်းမှာပဲ  တားမြစ်ရောဂါအစစ်ဆေးခံတာ၊ ကိုယ်ရေး ရာဇဝင် တင်သွင်းတာ၊ အလုပ်သမားကတ် ရယူတာ၊ လဝကရုံးမှာ ဗီဇာတုံးထုတာတွေ ပြု လုပ်ရမှာ ဖြစ်ပါတယ်။ 

ဒီအုပ်စုက အလုပ်သမားတွေဟာ ထိုင်းမှာ ဆက်လက်နေထိုင်လုပ်ကိုင်သွားလိုပါက မိမိဗီဇာသက် တမ်းမကုန်ခင် နှစ်စဉ်ကြိုတင်သက်တမ်းတိုးရမှာဖြစ်ပြီး အလုပ်သမားကတ်  ၁ နှစ် ၁ ခါ စုစုပေါင်း ၂ ကြိမ်သက်တမ်းတိုးပြီးက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်ထိ လုပ်ကိုင်နေထိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ 

အလုပ်သမားဝန်ကြီးဌာနက ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ ဒီအုပ်စုထဲ အကြုံးဝင်တဲ့ ၄ နိုင်ငံ ရွှေ့ပြောင်းလုပ်သားပေါင်း ၁၂၀,၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ 

ကိုးကား - doe.go.th

//
Up