close

အာဆီယံအစည်းအဝေးအတွင်း ကန်နိုင်ငံခြားရေးဝန်ကြီးနှင့် အီးယူမူဝါဒအကြီးအကဲ တွေ့ဆုံ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ ကမ္ဘောဒီးယားမြို့တော် ဖနွမ်းပင်ကို ဩဂုတ် ၄ ရက်မှာ ရောက်လာပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အစည်းအဝေးမှာ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက်ဖ် ဘော်ရယ်နဲ့ တွေ့ဆုံပါတယ်။

“အစည်းအဝေးတချို့မှာ မျက်နှာချင်းဆိုင်တွေ့ပြီး ဂျိုးဆက်ဖ်နဲ့ မှတ်ချက်ချင်း ယှဉ်ကြည့်ခွင့်ရတာ ကျနော့်အတွက် အခွင့်အရေးကောင်းတရပ်ပဲ။ ဥပမာအနေနဲ့ ကမ္ဘာတလွှား ခံစားနေရတဲ့ စားနပ်ရိက္ခာ ဖူလုံရေး၊ စွမ်းအင်စျေးနှုန်း စိန်ခေါ်ချက်နဲ့ ရုရှားရဲ့ ရန်လိုမှု အကျိုးဆက်တွေ၊ အင်မတန် အရေးကြီးတဲ့ အာဆီယံလုပ်ငန်းစဉ်တွေ၊ အရင်ရက်က ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကို ဆိုးဆိုးရွားရွား သေဒဏ်ပေးပစ်ခဲ့လို့ ဆိုးသထက် ပိုဆိုးလာတဲ့ မြန်မာနိုင်ငံက အခြေအနေလိုမျိုး အတွက်ပေါ့” လို့ ဘလင်ကန်က ပြောပါတယ်။

အာဆီယံအဖွဲ့ဝင် အများစုက တောင်တရုတ်ပင်လယ်အတွက် စည်းမျဉ်းတွေကို အာရုံစိုက်နေတာပါ။

တခြားဆွေးနွေးစရာ ကိစ္စတွေထဲမှာ မြန်မာနိုင်ငံအတွင်း စစ်ဘက်ပဋိပက္ခတွေနဲ့ အရှေ့တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံရေးတွေ ပါပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်းထဲမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့ ပါပါတယ်။

အစည်းအဝေးအတွင်း ဆွေးနွေးပွဲ မိတ်ဘက်အဖြစ် ပါဝင်တက်ရောက်တဲ့ ဆယ်နိုင်ငံထဲမှာ ဩစတြေးလျ၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယားနိုင်ငံတွေ ပါဝင်ပါတယ်။

//
Up