သူပုန်ဘဝမှ ကိုလံဘီယာသမ္မတဖြစ်လာသည့် ဂတ်စ်တာဗို ပေထရို

ကိုလံဘီယာနိုင်ငံရဲ့ M-19 ပြောက်ကျားအဖွဲ့ဝင် သူပုန်ဟောင်း ဂတ်စ်တာဗို ပေထရိုဟာ ကိုလံဘီယာရဲ့ ပထမဆုံး လက်ဝဲယိမ်းသမ္မတ ဖြစ်လာပါတယ်။
မညီမျှမှုနဲ့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးမှာ ညီညွတ်ကြဖို့၊ လက်ဝဲယိမ်းသူပုန်တွေ၊ ရာဇဝတ်ဂိုဏ်းတွေနဲ့ ငြိမ်းချမ်းရေး အရယူမယ်လို့ သူက ကတိပြုလိုက်ပါတယ်။
သမ္မတဟာ တနင်္ဂနွေ မွန်းလွဲပိုင်းမှာ ဘိုကိုတာမြို့တော် ဘိုလီဗာ ပလာဗာမှာ အထက်လွှတ်တော်ဥက္ကဋ္ဌ ရိုင်ဘာရဲရက်စ်ရဲ့ ရှေ့မှောက်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာပါ။
ဒီပွဲကို စပိန်ဘုရင် ဆဋ္ဌမမြောက် ဖိလစ်၊ လက်တင်အမေရိကသမ္မတ ၉ ဦးထက်မနည်းနဲ့ သမ္မတကိုယ်တိုင် ဖိတ်ကြားထားတဲ့ တခြား ကိုလံဘီယာနိုင်ငံသားတွေ အပါအဝင် ဧည့်သည် အယောက်တသိန်းလောက် တက်ရောက် ကြည့်ရှုခဲ့ကြပါတယ်။
“ကျနော် လူ့အဖွဲ့အစည်း ၂ ရပ်၊ နိုင်ငံ ၂ နိုင်ငံကို မလိုချင်ဘူး။ ကျနော်က အားကောင်းခိုင်မာပြီး ညီညွတ်တဲ့ ကိုလံဘီယာနိုင်ငံ တနိုင်ငံတည်းကို လိုချင်တယ်” လို့ ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းမှာ သမ္မတက ပြောပါတယ်။
လက်နက်ကိုင်အုပ်စုတွေဟာ ငြိမ်းချမ်းရေး သဘောတူညီချက် အပေးအယူတွေကို လက်ခံသင့်တယ်လို့လည်း ပေထရိုက ပြောပါတယ်။
သူ့ရဲ့ ထိပ်တန်းဦးစားပေးက လူဦးရေ တဝက်နီးပါး ဆင်းရဲမွဲတေနေပြီး လူဦးရေ သန်းငါးဆယ် ရှိတဲ့ နိုင်ငံအတွင်း ဆာလောင်မွတ်သိပ်မှု တိုက်ဖျက်ရေးပဲလို့ အသက် ၆၂ နှစ်အရွယ် ပေထရိုက ပြောပါတယ်။
အခမဲ့ ပြည်သူ့တက္ကသိုလ် ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပြောင်းအလဲတွေကိုလည်း ပေထရိုက ကတိပြုခဲ့ပါတယ်။ အငြိမ်းစားအခွင့်အရေး ပြုပြင်ပြောင်းလဲရေးကိုလည်း သူက ကတိပြုပါတယ်။
ဒုသမ္မတ ဖရန်စီယာ မားကက်ဇ်ကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူနဲ့ အိမ်ရှင်မဖြစ်ပြီး ကိုလံဘီယာမှာ ပထမဆုံး အာဖရိက-ကိုလံဘီယာ ကပြား ဒုသမ္မတ အမျိုးသမီး ဖြစ်လာပါတယ်။
ထောင်နဲ့ချီတဲ့ ထောက်ခံသူတွေဟာ ဘိုကိုတာမြို့တော်နဲ့ နိုင်ငံတလွှား အများဆိုင်နေရာတွေမှာ အောင်ပွဲခံနေခဲ့ပါတယ်။