ကျောင်းသား ၄၀ ကျော်ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး ရှေ့နေချုပ်ဟောင်းကို မက္ကဆီကို အရာရှိများ ဖမ်းဆီး

မက္ကဆီကိုနိုင်ငံအတွင်း ၂၀၁၄ ခုနှစ်က ကျောင်းသား ၄၃ ယောက် ပျောက်ဆုံးမှုမှာ ညှဉ်းပန်းနှိပ်စက်မှုနဲ့ တရားစီရင်ရေးကို နှောင့်ယှက်မှု စွဲချက်တွေနဲ့ ရှေ့နေချုပ်ဟောင်း ဂျေးဆပ်စ်မူရီလို ဖမ်းဆီးခံခဲ့ရတယ်လို့ မက္ကဆီကိုအရာရှိတွေက သြဂုတ် ၁၉ ရက်မှာ ပြောပါတယ်။
မက္ကဆီကိုစီးတီး တရားသူကြီးကနေ ဖမ်းမိန့်ထုတ်ထားတဲ့ ဂျေးဆပ်စ်အမ်မ်ကို ဖက်ဒရယ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ရှေ့နေချုပ်ရုံးခန်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မက္ကဆီကိုစီးတီးဧရိယာမှာ နေထိုင်တဲ့ မူရီလိုကို သူ့ရဲ့နေအိမ်အပြင်ဘက်မှာ ဖမ်းဆီးခဲ့ပြီး ရှေ့နေချုပ်ရုံးကို ခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။ မူရီလိုဟာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ရှေ့နေချုပ်အဖြစ် တာဝန်ယူခဲ့တာပါ။
အဲဒီအချိန်က ဂွါရီရိုပြည်နယ် အနောက်တောင်ပိုင်းရှိ အာရော့ထ်ဇီနာပါ ကျေးလက်ဆရာများ ကောလိပ်မှ ကျောင်းသား ၄၃ ဦး ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခံရတဲ့ စုံစမ်းစစ်ဆေးမှုမှာ မူရီလိုက ကြီးကြပ်ခဲ့ပါတယ်။
နိုင်ငံတကာ ကျွမ်းကျင်သူတွေကတော့ တရားဝင် စုံစမ်းရေး ကော်မရှင်ဟာ အမှားအယွင်းတွေ၊ အလွဲအချော်တွေနဲ့ ရှုပ်ထွေးနေကြောင်း ဝေဖန်ခဲ့ပါတယ်။
မက္ကဆီကိုသမ္မတ အန်ဒရေးစ်မာနျူယယ် လိုပက်ဇ် အိုဘရာဒေါကတော့ ဒီပျောက်ဆုံးမှုမှာ ဖြစ်ပျက်ခဲ့သမျှကို ရှင်းလင်းသွားမယ်လို့ ကတိပြုရင်း ၂၀၁၈ ခုနှစ်မှာ သမ္မတ ဖြစ်လာခဲ့ပါတယ်။