ဆိုမာလီယာမြို့တော်ရှိ ဟိုတယ်ကို စစ်သွေးကြွများဝိုင်းထားပြီး ပစ်ခတ်မှုကြောင့် ၁၂ ဦး သေဆုံး

ဆိုမာလီယာနိုင်ငံ၊ မိုဂါဒစ်ရှူးမြို့တော်ရှိ ဟာယတ်ဟိုတယ်မှာ သြဂုတ် ၂၀ ရက် စနေနေ့က အယ်လ်ကိုင်ဒါနဲ့ ဆက်နွှယ်နေတဲ့ စစ်သွေးကြွတွေက အနည်းဆုံး လူ ၁၂ ယောက်ကို သတ်ဖြတ်ပစ်ခဲ့ပြီးနောက် ဟိုတယ်ကိုလည်း ဝိုင်းရံထားခဲ့ပါတယ်။
ဆိုမာလီယာလုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း ရောက်ရှိလာခဲ့ပြီး ဟာယတ်ဟိုတယ် အပြင်ဘက် လမ်းကို ပိတ်ဆို့လိုက်ပြီးတော့ စစ်သွေးကြွတွေရဲ့ ဝိုင်းရံထားမှုကို အဆုံးသတ်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
ပစ်ခတ်သံတွေ ကြားခဲ့ကြရပြီးတဲ့နောက်မှာ မြို့တော်ရဲ့လမ်းတွေပေါ်မှာ လူတွေပြေးလွှားနေကြတဲ့ ဗီဒီယိုတခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး ဗီဒီယိုထဲမှာ အနည်းဆုံး ပေါက်ကွဲသံတစ်ခု ကြားခဲ့ရပါတယ်။
အခုအချိန်အထိ လူ ၁၂ ဦး သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားတွေ ဖြစ်ကြောင်း ထောက်လှမ်းရေးအရာရှိ မိုဟာမက်က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
တိုက်ခိုက်သူတွေဟာ သောကြာနေ့ ညနေပိုင်းက ဟာယတ်ဟိုတယ်ထဲကို ကားဗုံးနှစ်လုံး ပစ်သွင်းလိုက်ပြီးနောက်မှာ တိုက်ခိုက်မှုတွေလုပ်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဆိုမာလီယာရဲ့ အယ်လ်ရှာဘတ်အဖွဲ့ကတော့ သူတို့မှာ တာဝန်ရှိကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ သမ္မတ ဟက်ဆန်ရှိက်ခ်မိုဟာမက်ဒ် တက်လာပြီးနောက်ပိုင်း ပထမဆုံး ကြီးမားတဲ့ တိုက်ခိုက်မှု ဖြစ်ပါတယ်။ အယ်လ်ရှာဘတ်အဖွဲ့ဟာ ဆိုမာလီအစိုးရကို ဖြုတ်ချဖို့ ၁၀ နှစ်ကျော်ကြာတိုက်ပွဲဝင်ခဲ့ပါတယ်။
ဟာယတ်ဟိုတယ်ဟာ လွှတ်တော်အမတ်တွေနဲ့ တခြားအစိုးရအရာရှိတွေကြားမှာ နာမည်ကျော်ကြားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။