close

တော်လှန်ရေးတပ်ပေါင်းစုထံ ပူးပေါင်းလာသည့် တပ်မတော်သားများကို ကြိုဆိုဂုဏ်ပြုပွဲ ပြုလုပ်

ရှေ့တန်းစစ်မြေပြင်မှ  တော်လှန်ရေးတပ်ပေါင်းစုတွေဆီ ပူးပေါင်းလာတဲ့ တပ်မတော်သားတွေကို ကြိုဆိုဂုဏ်ပြုတဲ့ပွဲတခုကို ကေအန်ယူထိန်းချုပ်နယ်မြေ သထုံခရိုင် တပ်မဟာ ၁ မှာ ဩဂုတ် ၂၈ ရက်‌က ပြုလုပ်ခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) သထုံခရိုင် ကြီးကြပ်ကွပ်ကဲမှုကော်မတီက ဦးဆောင်ပြီး ရှေ့တန်းစစ်မြေပြင်ကနေ မိတ်ဖက် တော်လှန်ရေးတပ်ပေါင်းစုနဲ့ လာရောက်ပူးပေါင်းတဲ့ တပ်မတော်တွေကို ပထမဆုံးအကြိမ် ကြိုဆိုဂုဏ်ပြုပွဲပြုလုပ်ခဲ့တာပါ။

သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဋ္ဌက အခုလို လာရောက်ပူးပေါင်းတဲ့အတွက် ဝမ်းသာဂုဏ်ယူ အသိအမှတ်ပြုကြောင်း၊ လာရောက်ပူးပေါင်းတဲ့ ပြည်သူ့တပ်မတော်သားတွေအနေနဲ့  မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုနဲ့  ပူးပေါင်းကာ အာဏာရှင်ကို  ပြန်လည်တော်လှန်လိုပါက တော်လှန်နိုင်ကြောင်း တိုက်တွန်းပြောဆိုသွားပါတယ်။

ပူးပေါင်းတော်လှန်ဖို့ အခက်အခဲရှိရင်လည်း ဘေးကင်းလုံခြုံစွာ လုပ်ကိုင်စားသောက်နိုင်ရေး  ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းနဲ့  အာဏာရှင်ကို ဖြုတ်ချဖို့ လက်နက်ကိုင် တိုက်ပွဲဝင်တဲ့ နည်းလမ်းအပြင် တတ်နိုင်တဲ့ တဖက်တလမ်းကနေလည်း ပါဝင်ဆောင်ရွက်လို့ရကြောင်း ပြောဆိုခဲ့တယ်လို့ ကေအန်ယူ ဒူးသထူ သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာရှိတဲ့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့  ပြည်သူ့တပ်မတော်သားတွေအနေနဲ့လည်း မတရားမှုကိုဆန့်ကျင်ပြီး မိတ်ဖက်တော်လှန်ရေး တပ်ပေါင်းစုနဲ့ ပူးပေါင်းလိုပါကလည်း အခုလို နွေးထွေးစွာ ကြိုဆိုသွားမယ်လို့ ဖိတ်ခေါ်ပြောကြားခဲ့ပါတယ်။

ပူးပေါင်းပါဝင်လာတဲ့ တပ်မတော်သားတွေကို ဂုဏ်ပြုဆုငွေတချို့ ချီးမြှင့်ခဲ့ပါတယ်။

//
Up