close

စပိန်တွင် အခမဲ့ သယ်ယူပို့ဆောင်ရေး အစီအစဉ်စတင်

စပိန်နိုင်ငံမှာ လူနေမှုစရိတ်တွေ မြင့်တက်တာတာကို သက်သာစေဖို့ အခမဲ့ သယ်ယူပို့ဆောင်ရေး အစီအစဉ်ကို စက်တင်ဘာ ၁ ရက်မှာ စတင်တော့မှာဖြစ်ပါတယ်။

စပိန်နိုင်ငံမှာ တစ်နှစ်ထက်တစ်နှစ် ၁၀ ရာခိုင်နှုန်းနဲ့အထက် စံချိန်တင် ငွေကြေးဖောင်းပွမှုနဲ့အတူ အစိုးရဟာ ဒေသတွင်းနဲ့ အလယ်အလတ် မြို့ချင်းကူးလမ်းကြောင်းတွေ အားလုံးအတွက် လစဉ် အခမဲ့ ဖြတ်သန်းခွင့်တွေ ပေးခြင်းအားဖြင့် လူနေမှုစရိတ်တွေ သက်သာစေပြီး အများသူငှာ သယ်ယူပို့ဆောင်ရေးကို လူတွေ ပိုအားပေးလာဖို့လည်း မျှော်လင့်ထားပါတယ်။

ခရီးဝေး ခရီးစဉ်တွေနဲ့ အသွားတကြောင်း ခရီးစဉ်တွေတော့ မပါဝင်ပါဘူး။ လူပေါင်း သန်းဝက်နီးပါးဟာ အခမဲ့ သယ်ယူပို့ဆောင်ရေးကတ်တွေကို ကြိုတင်မှာယူထားပါတယ်။

ဂျာမနီမှာ ဇွန်လက စတင်ပြီး စက်တင်ဘာမှာ ပြီးဆုံးမယ့် အလားတူ အစီအစဉ်မှာ ကြီးမားတဲ့ အောင်မြင်မှု ရခဲ့ပြီး အဓိကမြို့ကြီးတွေမှာ ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ခဲ့ပါတယ်။

စပိန်အစီအစဉ်ဟာ ယူရို ၂၂၁ သန်း ကုန်ကျမှာ ဖြစ်ပါတယ်။ အစိုးရရဲ့ ဒီအကူအညီက မိသားစုတွေရဲ့ အသုံးစရိတ်နဲ့ သူတို့ရဲ့ နေထိုင်မှုစရိတ်တွေကို အထောက်အကူဖြစ်မှာ သေချာပါတယ်လို့ စပိန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up