ဗြိတိန်ဘုရင်ချားလ်စ်က သားကြီးဝီလျံနှင့် ချွေးမကိတ်တို့ကို ဝေလမင်းသား၊ မင်းသမီးဘွဲ့ ချီးမြှင့်

ဗြိတိန်ဘုရင် ချားလ်စ်ဟာ သူနဲ့ကွယ်လွန်သူဇနီး ဒိုင်ယာနာတို့ အရင်က အပိုင်စားထားတဲ့ ဝေးလ်စ်နယ်ရဲ့ ဝေလမင်းသားနဲ့ ဝေလမင်းသမီး ဘွဲ့ထူးဂုဏ်ထူးအား သားအကြီးဆုံး ဝီလျံနဲ့ ချွေးမ ကိတ်တို့ကို စက်တင်ဘာ ၉ ရက်က ချီးမြှင့်လိုက်ပါတယ်။
ကိတ်ဟာ ဝေလမင်းသမီး ဘွဲ့ထူးဂုဏ်ထူးနဲ့ ဆက်စပ်နေတဲ့ သမိုင်းကြောင်းကို တန်ဖိုးထားပေမယ့် သူကတော့ ဝေလမင်းသမီးအဖြစ် သူ့ကိုယ်ပိုင်လမ်းကြောင်းကို ဖန်တီးဖို့ ကြိုးစားမှာ ဖြစ်ကြောင်း တော်ဝင်သတင်းရင်းမြစ်တခုက ပြောပါတယ်။
မယ်တော် အဲလိဇဘက် ဘုရင်မကြီး ကွယ်လွန်ပြီးနောက် စက်တင်ဘာ ၈ ရက်က နိုင်ငံအတွက် ပထမဆုံးမိန့်ခွန်း ပြောကြားရာမှာ ချားလ်စ်ဘုရင်က ၁၉၅၈ ခုနှစ်ကတည်းက ချီးမြှင့်ခံခဲ့ရတဲ့ ဝေလမင်းသား ဘွဲ့ထူးဂုဏ်ထူးအား သူ့ရဲ့အမွေခံ ဝီလျံကို ပေးအပ်ချီးမြှင့်လိုက်ရတာ ဂုဏ်ယူမိကြောင်း ပြောသွားပါတယ်။
ဝေလမင်းသားနဲ့ မင်းသမီးအသစ်က “ကျနော်တို့ရဲ့ နိုင်ငံတော်ကိစ္စရပ်တွေကို ဆက်ပြီး ဦးဆောင် လှုံ့ဆော်ပေးပြီး အသေးအမွှားကနေ အရေးကြီး ကိစ္စရပ်တွေအထိ အကူအညီတွေပေးနိုင်မှာပါ” လို့ ပြောကြားပါတယ်။
အသက် ၄၀ အရွယ် ဝီလျံ နဲ့ ကိတ်တို့ နှစ်ဦးစလုံးဟာ လတ်တလောနှစ်တွေမှာ တော်ဝင်မိသားစုအတွင်း အဓိကကျတဲ့ အခန်းကဏ္ဍမှာရှိနေပြီး ပြည်သူတွေကြား တွေ့ရလေ့ရှိပြီး သူတို့ကလေး ၃ ယောက်ကိုလည်း အခုနှစ်အစောပိုင်းက ဘုရင်မကြီးရဲ့ ပလက်တီနမ်ရတုလို ပွဲလမ်းသဘင်တွေမှာ ခေါ်ဆောင်လာတတ်ကြပါတယ်။