close

တော်လှန်ရေးအတွက် အညာသူလွှတ်တော်ကိုယ်စားလှယ် ပတ္တမြားလက်စွပ်နှင့် ဆွဲသီးကို လေလံတင်ရောင်းချ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ အန်အယ်လ်ဒီပါတီရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က သူ့ရဲ့ မိုးကုတ်ပတ္တမြား လက်စွပ်နဲ့ ဆွဲသီးအလုံးလေး နှစ်လုံးကို အညာဒေသက တော်လှန်ရေးအဖွဲ့တဖွဲ့အတွက် လေလံတင်ရောင်းချနေပါတယ်။

ဒီလေလံကိုတော့ ကြမ်းခင်းစျေး မြန်မာငွေကျပ်သိန်း ၃၀ ကနေ စတင်သွားမှာဖြစ်ကာ စက်တင်ဘာ ၁၂ ရက်မှ ၁၅ ရက်အတွင်း ကာလသတ်မှတ်ထားပြီး အမြင့်ဆုံးစျေးပေးသူဆီ ပစ္စည်းအပ်နှံသွားမယ်လို့ ဒေါ်သန့်ဝေကျော်ကသူ့ရဲ့ လူမှုကွန်ရက်ပေါ်ကတဆင့် အသိပေးထားပါတယ်။

“ကဲ!!  ဒီတခါ ကျွန်မအရမ်းကြိုက်လို့ ဝတ်ဖို့ဝယ်စုထားတဲ့ လက်ရှိ ဝတ်လက်စ မိုးကုတ်ပတ္တမြား လက်စွပ်နဲ့ ဆွဲသီးအလုံးလေး ၂ လုံးကို လေလံတင်ချင်ပါတယ်။ ရရှိလာတဲ့ ငွေကြေးကို တော်လှန်ရေးအတွက် အဓိက သုံးပါမယ်။ ကျွန်မ ထောက်ပို့လိုတဲ့ ရည်စူးထားတဲ့   ခက်ခဲတဲ့အညာဒေသက အဖွဲ့ တစ်ဖွဲ့ရှိပါတယ်။ လေလံကြေးရရှိမှုအပေါ်မူတည်ပြီး အဲဒီအဖွဲ့ကို ပံ့ပိုးပေးချင်ပါတယ်။ မေးခွန်းလေးလည်း မေးချင်တယ် တော်တို့ရေ.။ ဒီလေလံပါလက်စွပ်လေးကို ဖြစ်ကြောင်းကုန်စင်အညာတခွင်ရဲ့ အပိုင်းဘယ်လောက်မှာဝတ်ထားခဲ့သေးလဲ ဖြေခဲ့ကြအုံးတော်။”

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းတုန်းကလည်း ဒေါ်သန့်ဝေကျော်ဟာ သူရဲ့ကိုယ်ပိုင် စိန်လက်စွပ်ကို  တော်လှန်ရေးအတွက် အွန်လိုင်းကနေ လေလံတင် ရောင်းချပြီး ထောက်ပံ့ကူညီခဲ့ပါသေးတယ်။

အသက် ၃၆ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဒေါ်သန့်ဝေကျော်ဟာ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကနေ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ တကြိမ်၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဒုတိယအကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နှစ်ကြိမ်ဆက်တိုက် အနိုင်ရရှိထားခဲ့သူ ဖြစ်ပါတယ်။

မဲစားရင်းမှားယွင်းတယ်ဆိုပြီး အကြောင်းပြကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းမှုအပြီးမှာတော့ စစ်ကောင်စီက ဒေါ်သန့်ဝေကျော်ကို နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အပြင် မတရားအသင်း အက်ဥပဒေပုဒ်မ- ၁၇(၁)/ ၁၇(၂) ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ခံထားရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကလေးမြို့က ဒေါ်သန့်ဝေကျော်ရဲ့ နေအိမ်ကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မေလတုန်းက တကြိမ်၊ အောက်တိုဘာလဆန်းမှာလည်း တကြိမ် အင်အားသုံးစီးနင်းကာ ဝင်မွှေခံခဲ့ရပါသေးတယ်။

လက်ရှိမှာတော့ ဒေါ်သန့်ဝေကျော်ဟာ တိမ်းရှောင်နေရပြီး ကျရာနေရာကနေ တော်လှန်ရေးမှာ တစိုက်မတ်မတ် ပါဝင်ဆောင်ရွက်နေသလို အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ သတင်းဌာနက ထုတ်လွှင့်တဲ့ ဖြစ်ကြောင်းကုန်စင် အညာတခွင် အစီအစဉ်ရဲ့ တင်ဆက်သူအဖြစ်လည်း လူထုကြား ထင်ရှားသူတယောက် ဖြစ်လာပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up