close

မောင်တောတွင် အရပ်သားအချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီး

မောင်တောဒေသသို့ ရောက်လာတဲ့ တပ်မ ၇၇ အား ကျေးရွာများအနီးဒေသခံများအားဖမ်းဆီးစစ်ဆေးနေကြစဉ်။

ရခိုင်ပြည်နယ် မောင်တောကို စစ်ကူရောက်လာတဲ့ တပ်မ ၇၇ က အရပ်သားအချို့အား ဖမ်းဆီးပြီး စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တပ်မ ၇၇ က ကျီးကန်းပြင်ဌာနချုပ်အနီး အောင်သာယာကျေးရွာက ဒေသခံ သုံးယောက်၊ အောင်မင်္ဂလာရွာက ဒေသခံ သုံးယောက်နဲ့ နွားကျောင်နေကြတဲ့ ကလေး နှစ်ယောက်ကို စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းက ဖမ်းဆီးသွားတာပါ။

ဒီ့နောက် ပညာရေးဝန်ထမ်း ၁ ယောက်နဲ့ ကလေး‌ ၂ ယောက်ကို ကျေးရွာအုပ်ချပ်ရေးမှူးဝန်ခံချက်နဲ့ ပြန်လွှတ်ပေးခဲ့ပြီး ကျန်ငါးဦးအား စစ်ကြောင်းနဲ့အတူ ခေါ်သွားတာလို့ ဆိုပါတယ်။

အောင်မင်္ဂလာကျေးရွာသားတဦးက "မနေ့က မနက်ပိုင်းမှာ တပ်မ ၇၇  စစ်ကြောင်းက သတင်းအတိအကျနဲ့ ရွာကို ဝင်စစ်တာပါ။ ရွာခံတယောက်နဲ့ မောင်တောက ရောက်နေတဲ့ အရပ်သား ၂ ဦးကို ဖမ်းသွားတယ်။ ရွာခံက ပညာရေးဝန်ထမ်းဖြစ်နေလို့ ပညာရေးမှူးပြောပေးလို့ ပြန်လွှတ်ပေးလိုက်တယ်။ ကျန် ၂ ဦးကို ဗျူဟာမှူးစစ်ပြီးမှ ပြန်လွှတ်မယ်လို့​တော့ ပြောတယ်။ လွတ်လာတာမရှိသေးဘူး" လို့ ပြောပါတယ်။

အောင်မင်္ဂလာကျေးရွာမှာ ဖမ်းဆီးသူတွေကတော့ ကျီးကန်းပြင် (အ.ထ.က)ကျောင်းမှာ တာဝန်ကျနေတဲ့ ကျောင်းစာရေး ဦးသိန်းဝင်းနဲ့ အမည်မသိ ၂ ယောက်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ အောင်သာယာ (နတလ) ကျေးရွာက နွားကျောင်းနေတဲ့ ကလေး ၂ ယောက်က ပြန်လွှတ်ပေးလိုက်ပြီး ကျန် ၃ ယောက်ထဲက ၁ ဦးကတော့ ထွက်ပြေးလွတ်ပြောက်သွားတယ်လို့ ရွာသားတဦးက ပြောပါတယ်။

"စစ်ကြောင်း တက်လာတာနဲ့ နွားကျောင်းနေတဲ့ ဟိန္ဒူကလေးငယ် ၁ ဦးနဲ့ မွတ်ဆလင် ကလေးငယ် ၁ ဦးကို အောင်သာယာရွာထဲကို ဖမ်းခေါ်လာကြတာ။ ရွာမှာတွေ့တဲ့ လူငယ် ၃ ဦးကို စစ်ဆေးဖမ်းဆီးတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပြောပြလို့ နွားကျောင်းသား ၂ ဦးကို လွှတ်ပေးတယ်။ ကျန် ၃ ဦးကိုလည်းလွှတ်ပေးမှာ၊ ချိုချိုမောင်က ထွက်ပြေးသွားတော့ ကျန် ၂ ဦးကို စစ်ကြောင်းနဲ့ အတူခေါ်သွားကြတယ်။"

ထွက်ပြေးသွားသူက အသက် ၃၀ အရွယ် ချိုချိုမောင်ဖြစ်ပြီး အသက် ၂၀ အရွယ် ထက်မြက်အောင် နဲ့ ဆန်းကျော်တို့ကိုတော့ စစ်ကြောင်းက ခေါ်ဆောင်သွား​တယ်လို့ ဆိုပါတယ်။

တပ်မ ၇၇ က စစ်ကောင်စီတပ်အင်အား ၆၀၀ လောက်ဟာ စစ်တွေကနေ ကစ္ဆပ္ပနဒီ သင်္ဘော၂ စီးနဲ့ မောင်တောဒေသကို စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းက ရောက်ရှိလာခဲ့ပြီးနောက် စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up