close

မြန်မာ့သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး မဟုတ်မမှန်တင်ပြခဲ့သည့်အပေါ် ကန့်ကွက်ရှုတ်ချ

Credit: Conselho de Imprensa de Timor-Leste

မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး  The Dili Dialogue Forum 2022 မှာ စစ်ကောင်စီဩဇာခံ  သတင်းမီဒီယာကောင်စီ ကိုယ်စားလှယ်ရဲ့ မဟုတ်မမှန်တင်ပြချက်တွေကို အရှေ့တီမောနိုင်ငံက ရှုတ်ချလိုက်တဲ့အပေါ်  နိုင်ငံတကာသတင်းထောက်များသမဂ္ဂ (IFJ) က ကြိုဆိုလိုက်ပါတယ်။

နိုင်ငံတကာသတင်းထောက်များညီလာခံ Dili Dialogue Forum 2022 ကို အရှေ့တီမောနိုင်ငံမှာ ဒီလီမြို့မှာပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့ရာမှာ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ နိုင်ငံတကာသတင်းထောက်များသမဂ္ဂ (IFJ) ရဲ့ ဥပဒေရေးရာအကြံပေး ဂျင်မ်နိုလန်အပါအဝင် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားစတဲ့ အာရှ-ပစိဖိတ်ဒေသတွင်းက သတင်းနဲ့မီဒီယာ လုပ်ငန်းရှင်တွေနဲ့ ပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

အဲဒီညီလာခံမှာ စစ်ကောင်စီဩဇာခံ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့ ကိုယ်စားလှယ်အဖြစ်တက်ရောက်လာတဲ့ ဦးအေးချမ်းက မြန်မာနိုင်ငံမှာ သတင်းနဲ့ မီဒီယာလွတ်လပ်ခွင့်ရှိနေသယောင် တင်ပြခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ နိုင်ငံတကာသတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ရရှိတင်ပြလာတဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်တွေနဲ့ ကွဲလွဲတယ်လို့ IFJ က ပြောပါတယ်။

စစ်ကောင်စီရဲ့ ဖိအားပေးမှုတွေကြောင့် သတင်းမီဒီယာလွတ်လပ်ခွင့်ကို မစောင့်ထိန်းပေးနိုင်တော့တာ၊ မီဒီယာကျင့်ဝတ်ကိုစောင့်ထိန်းဖို့ မဖြစ်နိုင်တော့တာ၊ လုပ်ဖော်ကိုင်ဖက် သတင်းထောက်တွေကို ကာကွယ်ပေးဖို့မဖြစ်နိုင်တော့တာတွေကြောင့် ၂၀၂၁ ခုနှစ်အစောပိုင်းမှာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက အဖွဲ့ဝင်တစ်ဝက်လောက် နုတ်ထွက်သွားတဲ့ အခြေအနေကို  ဦးအေးချမ်းက  ညီလာခံမှာ မတင်ပြပဲထိန်ချန်ထားခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ အာဏာသိမ်းစစ်တပ်ရဲ့ ဆင်ဆာတင်းကျပ်မှုနဲ့ သတင်းထောက်တွေအတွက် ဥပဒေပိုင်းအရရော လုံခြုံရေးအရပါ ခြိမ်းခြောက်မှုတွေရှိလာပြီးတဲ့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကနေ ၁၅ ဦး နုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။

အရှေ့တီမောနိုင်ငံ သတင်းမီဒီယာကောင်စီဟာ သက်ဆိုင်ရာနိုင်ငံအလိုက် အခမ်းအနားမှာ တင်ပြလာသူတွေ အားလုံးရဲ့လွတ်လပ်စွာ တင်ပြနိုင်ခွင့်ကို သိရှိအလေးထားပါကြောင်း၊ ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဦးချမ်းအေးရဲ့ တင်ပြချက်တွေဟာ အမှန်တရားနဲ့သွေဖီနေတာကိုတွေ့ရှိရတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဦးချမ်းအေးရဲ့ တင်ပြချက်တွေဟာ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် အခြေအနေမှန်မဟုတ်ဘဲ စစ်အာဏာရှင်တွေရဲ့ သတင်းမီဒီယာကောင်စီအပေါ်လွှမ်းမိုးမှုတွေကို ပိုသိသာစေတယ်လို့ အရှေ့တီမောနိုင်ငံသင်းမီဒီယာကောင်စီရဲ့ ရှုတ်ချကြောင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာက သိရှိနေပြီးသားသတင်းတွေနဲ့ ကွဲလွဲနေတာကြောင့် မြန်မာနိုင်ငံသတင်းနဲ့ စာနယ်ဇင်းအေဂျင်စီကထုတ်ဝေပြီး ဦးချမ်းအေးကတင်ပြလာတဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းစာစောင်ကိုလည်း ညီလာခံတက်ရောက်လာသူတိုင်းက အံ့အားသင့်ခဲ့ရကာ အရှေ့တီမောနိုင်ငံသတင်းမီဒီယာကောင်စီကလည်း အဲဒီတင်ပြချက်ကို လက်မခံဘဲ ပယ်ချခဲ့ပါတယ်။

ဦးချမ်းအေးရဲ့ တင်ပြချက်တွေဟာ မြန်မာစစ်ကောင်စီရဲ့ အာဏာရှင်စနစ်ကိုကာကွယ်တင်ပြထားတဲ့ အလိမ်အညာတွေသာဖြစ်ပြီး တကမ္ဘာလုံးသိနေတဲ့ မြန်မာနိုင်ငံက သတင်းမီဒီယာနှိပ်ကွပ်မှုတွေကိုလည်း ငြင်းဆန်ထားတယ်လို့ နိုင်ငံတကာသတင်းထောက်များ သမဂ္ဂရဲ့ ကိုယ်စားအခမ်းအနားတက်ရောက်လာတဲ့ ဂျင်မ်နိုလန်က ပြောပါတယ်။

ဦးချမ်းအေးဟာ စစ်ကောင်စီ ရေတပ်ဒု-ဗိုလ်ချုပ်ကြီးဟောင်း  ဦးစိုးသိန်းရဲ့သားဖြစ်ပြီး   အခုလို စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို Dili Dialogue Forum 2022 ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုတက်ရောက်စာတမ်းဖတ်ခွင့်ပြုခဲ့တဲ့အပေါ်  လွတ်လပ်သော မြန်မာမီဒီယာအဖွဲ့အစည်းတွေကလည်း ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းပြီးတည်းက မြန်မာနိုင်ငံမှာ သတင်းထောက်တွေနဲ့ စာနယ်ဇင်းသမားတွေဟာ တိုက်ခိုက်နှောင့်ယှက်ခံရတာတွေ ဖမ်းဆီးနှိပ်စက်ခံရတာတွေနဲ့ ကြုံတွေ့ခံစားနေရတာဖြစ်ပါတယ်။

အန်အယ်လ်ဒီ အစိုးရလက်ထက်က လွတ်လပ်စွာတင်ပြရေးသားခွင့်ရခဲ့တဲ့ သတင်းမီဒီယာတွေကို အာဏာသိမ်းစစ်ကောင်စီက အတင်းအဓမ္မပိတ်သိမ်းတာ၊ လုပ်ငန်းလိုင်စင်ပိတ်သိမ်းတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up