မြန်မာစစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အသက်ဘေးအန္တရာယ်ရှိနေတဲ့ကြားက ကရင်စစ်ဘေးရှောင်တွေကို ထိုင်းအာဏာပိုင်တွေက အတင်းအကျပ် နေရပ်ပြန်ပို့ခဲ့တဲ့ အပေါ် ဥရောပကရင်ကွန်ရက်က အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း အောက်တိုဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ကရင်စစ်ဘေးဒုက္ခသည်တွေကို ပဋိက္ခဇုန်ထဲအတင်းအကျပ်ပြန်ပို့တာရပ်တန့်စေဖို့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာအစိုးရတွေအနေနဲ့ ထိုင်းအစိုးရနဲ့တွေ့ဆုံဆွေးနွေးပြီး ဆွဲဆောင်ပြောဆိုဖို့ ဥရောပကရင်ကွန်ရက်တာဝန်ရှိသူက တိုက်တွန်းပါတယ်။
ဥရောပကရင်ကွန်ရက်ဥက္ကဋ္ဌ နန်းကြည်အေးက“ထိုင်းအစိုးရဟာ မြန်မာစစ်တပ်ရဲ့ရန်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအပေါ် နှိပ်ကွပ်နေသလို တချိန်တည်းမှာပဲ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်နေတယ်။ ထိုင်းကုမ္ပဏီတွေကလည်း မြန်မာစစ်တပ်ကို ဝင်ငွေရဖို့ ကူညီပံ့ပိုးပေးနေတယ်။ ထိုင်းနိုင်ငံပိုင်ကုမ္ပဏီတွေအပါအဝင် ထိုင်းကုမ္ပဏီတွေက မြန်မာစစ်တပ်အတွက် ဗုံးတွေနဲ့ လက်နက်ကျည်ဆန်တွေကူညီပေးပြီး ဒုက္ခသည်တွေ ထိုင်းဘက်ကို ထွက်ပြေးလာအောင်လုပ်နေတယ်”လို့ ပြောပါတယ်။
စက်တင်ဘာ ၃၀ ရက် နေ့လယ်ပိုင်းလောက်က ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့နယ်၊ သေဘောဘိုးကျေးရွာကနေ သောင်းရင်းမြစ်တဘက်ကမ်း ထိုင်းနိုင်ငံအတွင်းကို စစ်ဘေးရှောင်ခိုလှုံ ရောက်ရှိနေတဲ့ ကျောင်းသူကျောင်းသားတွေ၊ ဆရာဆရာမတွေ၊ အမျိုးသမီးနဲ့ ကလေးငယ် ၃၀၀ ဦးကို ထိုင်းစစ်တပ်နဲ့တာဝန်ရှိသူတွေက အတင်းအကျပ်နေရပ်ပြန်ခိုင်းခဲ့ပါတယ်။
နေရပ်ပြန်ခဲ့တဲ့စစ်ဘေးရှောင်တွေကို စက်လှေတွေနဲ့မြန်မာ ဘက်ခြမ်းကိုပြန်လည်ပို့ဆောင်ပေးခဲ့ရာ လူပို့ပြန်လာတဲ့စက်လှေတစ်စင်းဟာ လူတင်ဆောင်လာတဲ့စက်လှေတစ်စင်းနဲ့တိုက်မိခဲ့တဲ့အတွက် စက်လှေတိမ်မှောက်ပြီး မြစ်ရေနဲ့အတူမျောပါသွားခဲ့ပေမဲ့ စစ်ဘေးရှောင်တွေ အသက်အန္တရာယ်ထိခိုက်သူတော့မရှိခဲ့ပါဘူး။
အဆိုပါ ဒုက္ခသည်တွေဟာ စက်တင်ဘာလဆန်းပိုင်းက မြဝတီခရိုင်၊ မြဝတီ-ဝေါ်လေလမ်းမပေါ်မှာ စစ်ကောင်စီ ပူးပေါင်းတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တို့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို စစ်ဘေးရှောင်ထွက်ပြေးလာသူတွေဖြစ်ပြီး ခေတ္တခိုလုံနေသူတွေ ဖြစ်ပါတယ်။
ကရင်စစ်ဘေးရှောင်ပြည်သူတွေဟာ လူသားတန်ဖိုးမရှိတဲ့ အနေအထားမျိုးနဲ့ရှင်သန်နေရသလို လူသားအခွင့်အရေးဆုံးရှုံးပြီး အသက်အန္တရာယ်နဲ့နေ့စဉ် အသက်ရှင်သန်နေရတယ်လို့ ကရင်အမျိုးသမီးအဖွဲ့အစည်းတာဝန်ရှိသူကလည်း ပြောပါတယ်။
ကရင်ဒုက္ခသည်အရေးကူညီပေးနေသူ ကရင်အမျိုးသမီးအဖွဲ့အစည်းတာဝန်ရှိသူက “ဒါကတော့ အများကြီးစိုးရိမ်စရာရှိတယ်။ အသက်အန္တရာယ်လည်းရှိတယ်။ လူသားအခွင့်အရေးတွေ ဆုံးရှုံးပြီးတော့မှ နေထိုင်နေရတာဖြစ်တဲ့အတွက်ကြောင့် ရေရှည်မှာတော့လူသားတစ်ယောက်လို့ အသက်ရှင်ခွင့်မရတဲ့အနေအထားတွေ ပိုပိုပြီး ဆိုးဝါးလာနိုင်တယ်။ လုံခြုံမှုနဲ့ပတ်သက်ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားမျိုးမှာ နေ့စဉ်အသက် ရှင်သန်နေရတယ်”လို့ ဆိုပါတယ်။
နှစ်နိုင်ငံနယ်စပ်အနီးမှာတိုက်ပွဲတွေဖြစ်နေလို့ ထိုင်းဘက်က နယ်စပ်လုံခြုံရေးကိုတင်းကျပ်ထားပြီး အခုလို စစ်ဘေးရှောင်တွေကို လက်မခံဘဲ နေရပ်ပြန်ခိုင်းနေတာဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ချိန်မှာ စစ်ဘေးရှောင်တွေကို ခိုလှုံခွင့်ပေးဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထိုင်းအာဏာပိုင်တွေထံ ဝိုင်းဝန်းပြီးတောင်းဆိုပေးဖို့ စစ်ဘေးရှောင် ရပ်မိရပ်ဖတစ်ယောက်က ပြောပါတယ်။
“စစ်ရှောင်နေတဲ့သူတွေကို ဒီလိုမျိုးတိုက်ပွဲဖြစ်နေတဲ့အချိန်လေးမှာ နားလည်မှုနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထိုင်းအာဏာပိုင်တွေကို ခိုလုံခွင့်အတွက်ဝိုင်းဝန်းပြီးတော့ တောင်းဆိုပေးဖို့ တောင်းဆိုချင်တယ်။ လက်မခံဘူးဆိုရင် ကျနော်တို့စစ်ဘေးရှောင်တွေက ဒုက္ခရောက်မှာဖြစ်သလို အခုလိုရေကြီးနေတဲ့အချိန် ဟိုဘက်ကူးလိုက်ဒီဘက်ကူးလိုက်နဲ့ အသက်အန္တရာယ်ကျရောက်မှာ စိုးတယ်။”
စက်တင်ဘာ ၃၀ ရက် မွန်းလွဲ ၁၂ နာရီလောက်ကစတင်ပြီး မြဝတီခရိုင်၊ မြဝတီ-ဝေါ်လေလမ်းမပေါ်မှာ စစ်ကောင်စီရဲ့တပ်တွေက စခန်းကုန်းနေရာကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ကြိုးစားခဲ့တဲ့အတွက် KNLA တပ်ရင်း ၁၀၃၊ VENOM စစ်ကြောင်း၊ ဆင်ဖြူစစ်ကြောင်း၊ ကော်သူးလေပူးပေါင်းတပ်ဖွဲ့တွေနဲ့ ည ၇ နာရီအထိတိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ခဲယမ်းမလုံလောက်လို့ ထိခိုက်သူမရှိပြန်လည်ဆုတ်ခွာရာလမ်းကြောင်းတလျှောက် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် စစ်ဘေးရှောင်တွေ ယာယီခိုလှုံနေတဲ့ ထိုင်းနိုင်ငံဘက်ခြမ်းကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး The Dili Dialogue Forum 2022 မှာ စစ်ကောင်စီဩဇာခံ သတင်းမီဒီယာကောင်စီ ကိုယ်စားလှယ်ရဲ့ မဟုတ်မမှန်တင်ပြချက်တွေကို အရှေ့တီမောနိုင်ငံက ရှုတ်ချလိုက်တဲ့အပေါ် နိုင်ငံတကာသတင်းထောက်များသမဂ္ဂ (IFJ) က ကြိုဆိုလိုက်ပါတယ်။
နိုင်ငံတကာသတင်းထောက်များညီလာခံ Dili Dialogue Forum 2022 ကို အရှေ့တီမောနိုင်ငံမှာ ဒီလီမြို့မှာပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့ရာမှာ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ နိုင်ငံတကာသတင်းထောက်များသမဂ္ဂ (IFJ) ရဲ့ ဥပဒေရေးရာအကြံပေး ဂျင်မ်နိုလန်အပါအဝင် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားစတဲ့ အာရှ-ပစိဖိတ်ဒေသတွင်းက သတင်းနဲ့မီဒီယာ လုပ်ငန်းရှင်တွေနဲ့ ပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။
အဲဒီညီလာခံမှာ စစ်ကောင်စီဩဇာခံ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့ ကိုယ်စားလှယ်အဖြစ်တက်ရောက်လာတဲ့ ဦးအေးချမ်းက မြန်မာနိုင်ငံမှာ သတင်းနဲ့ မီဒီယာလွတ်လပ်ခွင့်ရှိနေသယောင် တင်ပြခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ နိုင်ငံတကာသတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ရရှိတင်ပြလာတဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်တွေနဲ့ ကွဲလွဲတယ်လို့ IFJ က ပြောပါတယ်။
စစ်ကောင်စီရဲ့ ဖိအားပေးမှုတွေကြောင့် သတင်းမီဒီယာလွတ်လပ်ခွင့်ကို မစောင့်ထိန်းပေးနိုင်တော့တာ၊ မီဒီယာကျင့်ဝတ်ကိုစောင့်ထိန်းဖို့ မဖြစ်နိုင်တော့တာ၊ လုပ်ဖော်ကိုင်ဖက် သတင်းထောက်တွေကို ကာကွယ်ပေးဖို့မဖြစ်နိုင်တော့တာတွေကြောင့် ၂၀၂၁ ခုနှစ်အစောပိုင်းမှာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက အဖွဲ့ဝင်တစ်ဝက်လောက် နုတ်ထွက်သွားတဲ့ အခြေအနေကို ဦးအေးချမ်းက ညီလာခံမှာ မတင်ပြပဲထိန်ချန်ထားခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ အာဏာသိမ်းစစ်တပ်ရဲ့ ဆင်ဆာတင်းကျပ်မှုနဲ့ သတင်းထောက်တွေအတွက် ဥပဒေပိုင်းအရရော လုံခြုံရေးအရပါ ခြိမ်းခြောက်မှုတွေရှိလာပြီးတဲ့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကနေ ၁၅ ဦး နုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။
အရှေ့တီမောနိုင်ငံ သတင်းမီဒီယာကောင်စီဟာ သက်ဆိုင်ရာနိုင်ငံအလိုက် အခမ်းအနားမှာ တင်ပြလာသူတွေ အားလုံးရဲ့လွတ်လပ်စွာ တင်ပြနိုင်ခွင့်ကို သိရှိအလေးထားပါကြောင်း၊ ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဦးချမ်းအေးရဲ့ တင်ပြချက်တွေဟာ အမှန်တရားနဲ့သွေဖီနေတာကိုတွေ့ရှိရတယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဦးချမ်းအေးရဲ့ တင်ပြချက်တွေဟာ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် အခြေအနေမှန်မဟုတ်ဘဲ စစ်အာဏာရှင်တွေရဲ့ သတင်းမီဒီယာကောင်စီအပေါ်လွှမ်းမိုးမှုတွေကို ပိုသိသာစေတယ်လို့ အရှေ့တီမောနိုင်ငံသင်းမီဒီယာကောင်စီရဲ့ ရှုတ်ချကြောင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
နိုင်ငံတကာက သိရှိနေပြီးသားသတင်းတွေနဲ့ ကွဲလွဲနေတာကြောင့် မြန်မာနိုင်ငံသတင်းနဲ့ စာနယ်ဇင်းအေဂျင်စီကထုတ်ဝေပြီး ဦးချမ်းအေးကတင်ပြလာတဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းစာစောင်ကိုလည်း ညီလာခံတက်ရောက်လာသူတိုင်းက အံ့အားသင့်ခဲ့ရကာ အရှေ့တီမောနိုင်ငံသတင်းမီဒီယာကောင်စီကလည်း အဲဒီတင်ပြချက်ကို လက်မခံဘဲ ပယ်ချခဲ့ပါတယ်။
ဦးချမ်းအေးရဲ့ တင်ပြချက်တွေဟာ မြန်မာစစ်ကောင်စီရဲ့ အာဏာရှင်စနစ်ကိုကာကွယ်တင်ပြထားတဲ့ အလိမ်အညာတွေသာဖြစ်ပြီး တကမ္ဘာလုံးသိနေတဲ့ မြန်မာနိုင်ငံက သတင်းမီဒီယာနှိပ်ကွပ်မှုတွေကိုလည်း ငြင်းဆန်ထားတယ်လို့ နိုင်ငံတကာသတင်းထောက်များ သမဂ္ဂရဲ့ ကိုယ်စားအခမ်းအနားတက်ရောက်လာတဲ့ ဂျင်မ်နိုလန်က ပြောပါတယ်။
ဦးချမ်းအေးဟာ စစ်ကောင်စီ ရေတပ်ဒု-ဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးသိန်းရဲ့သားဖြစ်ပြီး အခုလို စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို Dili Dialogue Forum 2022 ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုတက်ရောက်စာတမ်းဖတ်ခွင့်ပြုခဲ့တဲ့အပေါ် လွတ်လပ်သော မြန်မာမီဒီယာအဖွဲ့အစည်းတွေကလည်း ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းပြီးတည်းက မြန်မာနိုင်ငံမှာ သတင်းထောက်တွေနဲ့ စာနယ်ဇင်းသမားတွေဟာ တိုက်ခိုက်နှောင့်ယှက်ခံရတာတွေ ဖမ်းဆီးနှိပ်စက်ခံရတာတွေနဲ့ ကြုံတွေ့ခံစားနေရတာဖြစ်ပါတယ်။
အန်အယ်လ်ဒီ အစိုးရလက်ထက်က လွတ်လပ်စွာတင်ပြရေးသားခွင့်ရခဲ့တဲ့ သတင်းမီဒီယာတွေကို အာဏာသိမ်းစစ်ကောင်စီက အတင်းအဓမ္မပိတ်သိမ်းတာ၊ လုပ်ငန်းလိုင်စင်ပိတ်သိမ်းတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။