close

လမိုင်းနယ်မြေက နယ်ထိန်းရဲ ၁ ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းနယ်မြေက နယ်ထိန်းအောင်ကျော်မင်းကို စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီခွဲကျော်လောက်က သေနတ်နဲ့ အနီးကပ် ၁၆ ချက် ပစ်ခတ်ရှင်းလိုက်တယ်လို့ ရေးဘီလူးအဖွဲ့က ပြောပါတယ်။

အခု နယ်ထိန်းရဲဟာ ပြီးခဲ့တဲ့လတွေက လမိုင်း ပရဟိတလူငယ်တယောက်ကို သေနတ်နဲ့ပစ်သတ်ခဲ့တာကြောင့် လက်တုံ့ပြန်တဲ့အနေနဲ့ ဒီကနေ့ ထုတ်ပြန်ချက်အပြီး ၈ နာရီအကြာမှာ မော့ကနင်ကျေးရွာက ဆိုင်တဆိုင်ရှေ့ ကားလမ်းဘေးမှာ ပစ်ခတ်ရှင်းလိုက်တာလို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေနဲ့ CDM မလုပ်တဲ့ ဝန်ထမ်းတွေကို စက်တင်ဘာ ၂၁ ရက်ကစတင်ပြီး လက်ရှိ ရာထူးတာဝန်ကနေ နုတ်ထွက်ပေးကြဖို့ ရေးဘီလူးအဖွဲ့က လူမှုကွန်ရက်ကနေတဆင့် ထပ်မံသတိပေးလိုက်ပါတယ်။

စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတခုလုံး မလည်ပတ်နိုင်ဘဲ ရပ်ဆိုင်းသွားဖို့ဖြစ်ပြီး ဒီဒေသမှာ စစ်ကောင်စီက ဒေသစိုးမိုးရေးမရဘဲ ကျဆုံးအောင် ဖြစ်တဲ့နည်းနဲ လုပ်ဆောင်မှာြဖစ်ပြီး စစ်ကောင်စီဘက်က အလုပ်အကျွေးပြုနေတဲ့သူတွေ မလိုက်နာပါက ပြင်းထန်တဲ့အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ သတိပေးလိုက်ကြောင်း ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

လက်ရှိမှာ ရေးဘီလူးအဖွဲ့က ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့က လဝကရုံးကို တိုက်ခိုက်ခဲ့အပြီး အုပ်ချုပ်ရေးမှူးရုံးတွေ အပါအဝင် ဌာနဆိုင်ရာရုံးတွေ ဒီနေ့အထိ ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ယာယီပိတ်ထားတာ ၉၀ ရာခိုင်နှုန်းနီးပါးလောက် ရှိတယ်လို့ ဆိုပါတယ်။

ဝန်ထမ်းတယောက်က “အခုလို ဝန်ထမ်းတွေ ဖိအားပေးပြီး နုတ်ထွက်ဖို့ဆိုတာ မိသားစုရဲ့ စားဝတ်နေရေးက ရှိသေးတော့ နုတ်ထွက်ခဲ့ပြီးမှ တခြား ပြင်ပ စီးပွားရေးအလုပ်လည်း မရှိတော့ ဘယ်လိုဆက်ပြီး ရပ်တည်ရမှာလဲ” လို့ ပြောပါတယ်။

ရေးမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၁၁ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၄၄ အုပ်စု ပါရှိပြီး အခုအခြေနေအရ အုပ်ချုပ်ရေးမှူး အပါအဝင် ရုံးဝန်ထမ်းတွေ နုတ်ထွက်ကြတဲ့သူရှိသလို တချို့ကလည်း မထွက်ကြသေးဘဲ ရုံးလည်း မတက်ရဲကြဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ ရဲသတင်းပေး၊ အုပ်ချုပ်ရေးမှူး၊ အရပ်ဘက်ဝန်ထမ်းတွေဖြစ်တဲ့ လဝက၊ သစ်တော၊ ပညာရေးဝန်ထမ်း အပါအဝင် ၂ ဒါဇင်လောက်ကို ဒီနေ့အထိ သုတ်သင် ရှင်းလင်းထားတယ်လို့ ရေးဘီလူးအဖွဲ့က ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ရေးဘီလူးအဖွဲ့ကို စစ်တပ်နဲ့ ရဲတွေဆီမှာ သတင်းပေး တိုင်ကြားနိုင်တဲ့သူတွေကို ဆုကြေးပေးသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အခုလို စစ်ကောင်စီတပ်ဘက်က ရေးမြို့နယ်ကို လုံခြုံရေး တင်းကျပ် ပိတ်ဆို့ထားတဲ့ ကြားကနေ စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲ၊ ဌာနဆိုင်ရာ စတာတွေ မကြာခဏဆိုသလို တိုက်ခိုက်ခံနေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up