ရိုဟင်ဂျာများအတွက် အမေရိကန်က ဒေါ်လာသန်း ၁၇၀ ကူညီမည်

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာမှုအကူအညီအဖြစ် အမေရိကန်က ဒေါ်လာ သန်း ၁၇၀ ကျော် ကူညီထောက်ပံ့ပေးသွားမယ်လို့ စက်တင်ဘာ ၂၂ ရက်မှာ ကြေညာလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောပါတယ်။
၂၀၁၇ ခုနှစ် ဩဂုတ်လထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကော့ဇ်ဘဇားနယ်မြေကို ရိုဟင်ဂျာ ၇ သိန်း ၄ သောင်းကျော် စတင်ထွက်ပြေးခဲ့ရတဲ့ အချိန်ကစပြီး နောက်ထပ်လှူဒါန်းလိုက်တဲ့ ရန်ပုံငွေ အပါအဝင် ရိုဟင်ဂျာအရေးအတွက် အမေရိကန်က ထောက်ပံ့လှူဒါန်းငွေ အခုချိန်ထိ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံရှိပြီလို့ ဘလင်ကန်က ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ရန်ပုံငွေဟာ လိုအပ်တာထက် အများကြီး နည်းနေသေးကြောင်း ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ထုတ်ပြန်ပြီးနောက် တလခန့်အကြာမှာ အခုလို ရန်ပုံငွေလှူဒါန်းဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့်အပြင် တခြားအခွင့်အရေးအမျိုးမျိုးကို ငြင်းပယ်ခံထားရတဲ့ ရိုဟင်ဂျာ တသန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းက ညစ်ပတ်စုတ်ပြတ်နေတဲ့ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းတွေမှာ ဆင်းဆင်းရဲရဲ နေထိုင်နေကြရပါတယ်။ သူတို့အတွက် မြန်မာနိုင်ငံကိုပြန်ရဖို့ မျှော်လင့်ချက်ဟာလည်း မရှိသလောက် ဖြစ်ပါတယ်။
အခု ထပ်မံထောက်ပံ့ လှူဒါန်းသွားမယ့် အစီအစဉ်မှာ အမေရိကန်ဒေါ်လာ ၉၃ သန်းကျော်ကို နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် ထောက်ပံ့ပေးသွားမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၇၇ သန်းကျော်ကိုတော့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီကနေတဆင့် ထောက်ပံ့ကူညီသွားမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောပါတယ်။
အခုထောက်ပံ့ကူညီသွားမယ့် အမေရိကန်ဒေါ်လာ ၁၃၈ သန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းက ရိုဟင်ဂျာ လူမှုကူညီရေး အစီအစဉ်တွေအတွက် အဓိကဖြစ်ပြီး အမေရိကန်ဟာ ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ရိုဟင်ဂျာမွတ်ဆလင် အသိုင်းအဝိုင်းတို့နဲ့အတူ ဒီပြဿနာ အဖြေရှာရေးကို ပူးပေါင်းဆောင်ရွက်နေကြောင်းနဲ့ ရိုဟင်ဂျာဒုက္ခသည်အများစုဟာ ၂၀၁၇ ခုနှစ်က လူမျိုးတုံးသတ်ဖြတ်တာနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စစ်ဆင်ရေးတွေကနေ လွတ်မြောက်လာခဲ့ကြသူတွေဖြစ်ကြောင်း ဘလင်ကန်က ပြောပါတယ်။
မြန်မာစစ်တပ်ကတော့ လူမျိုးတုံးသတ်ဖြတ်မှုကို ငြင်းဆန်ပြီး ရဲစခန်းတွေကို တိုက်ခိုက်ခဲ့သူတွေကို ပြန်လည်တိုက်ခိုက် စစ်ဆင်ရေးလုပ်ခဲ့တာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က နိုင်ငံတကာတရားရုံးမှာ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားရင်ဆိုင်နေရဆဲလည်း ဖြစ်ပါတယ်။