close

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာရှောင်တာနယ်လ်အပါအဝင် ၅ ဦးကို ထောင်ဒဏ် ၃နှစ်စီချမှတ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်လ်တို့ကို နေပြည်တော်အချုပ်ထောင်တွင်း စစ်ကောင်စီတရားရုံးက စက်တင်ဘာ ၂၉ ရက် ဒီနေ့ရုံးချိန်းမှာ ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်တယ်လို့  တရားရုံးနဲ့ နီးစပ်သူတွေကအတည်ပြုပါတယ်။

ဒါအပြင် အမှုတွဲအဖြစ်တရားစွဲဆိုခံထားရတဲ့  ဦးစိုးဝင်း(စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်း)၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီးဟောင်း)နဲ့ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့အားလုံးကိုလည်း   ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်ပါတယ်။

"၅ယောက်စလုံးကို ၃နှစ်စီချမှတ်လိုက်တာပါ" လို့တရားရုံးနဲ့နီးစပ်သူတစ်ယောက်ကပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီက မစ္စတာရှောင်တာနယ်လ်ကို စစ်ကောင်စီက လ.ဝ.က အက်ဥပဒေ၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃-၁(ဂ)တို့နဲ့တရားစွဲခဲ့ပြီး ဒီနေ့ရုံးချိန်းမှာ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မအတွက် အပြီးသတ်အမိန့်အဖြစ် ထောင်ဒဏ် ၃နှစ်စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံအစိုးရက  မစ္စတာရှောင်တာနယ်လ်ကိုပြန်လွှတ်ပေးဖို့ အကြိမ်ကြိမ်တိုက်တွန်းတောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီက အခုလိုပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ 

မစ္စတာ ရှောင်တာနယ်လ်ကို  ၂၀၂၁ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ စစ်ကောင်စီက ထိန်းသိမ်းခဲ့ပြီး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပါ ပုဒ်မ ၃ (၁) နဲ့ စတင်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ မစ္စတာရှောင်တာနယ်လ်ကို ရန်ကုန် အင်းစိန်ထောင်ကနေ နေပြည်တော်အချုပ်ထောင်ကိုပြောင်းရွှေ့ချုပ်နှောင်ခဲ့ပြီး နေပြည်တော်အကျဉ်းထောင်အရောက်မှာ ထောင်ဒဏ် ၅နှစ်အထိချမှတ်နိုင်တဲ့ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ စစ်ကောင်စီက ထပ်မံတရားစွဲဆိုခဲ့ပါတယ်။

၂၀၂၂ ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့အမှုစုစုပေါင်း ၁၉မှုရှိခဲ့ပြီး အဲ့ဒီအထဲက ၁၁မှုအတွက် စစ်ကောင်စီတရားရုံးက ကနဦး ထောင်ဒဏ် အနှစ်၂၀ ချမှတ်ထားပါတယ်။

အခုမစ္စတာရှောင်တာနယ်အမှုနဲ့ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ချမှတ်ခံရတဲ့ထောင်ဒဏ်ဟာ ၂၃ နှစ်အထိရှိလာပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ရဟတ်ယာဉ်ဝယ်ယူမှုနဲ့ပတ်သက်တဲ့အဂတိအမှု ၅မှု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့အဂတိအမှု ၂မှု၊ စုစုပေါင်း ၇မှုကို ရင်ဆိုင်ဖို့ကျန်နေပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up