close

ရှောင်တာနယ်လ်

close

September 29, 2022

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာရှောင်တာနယ်လ်အပါအဝင် ၅ ဦးကို ထောင်ဒဏ် ၃နှစ်စီချမှတ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်လ်တို့ကို နေပြည်တော်အချုပ်ထောင်တွင်း စစ်ကောင်စီတရားရုံးက စက်တင်ဘာ ၂၉ ရက် ဒီနေ့ရုံးချိန်းမှာ ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်တယ်လို့  တရားရုံးနဲ့ နီးစပ်သူတွေကအတည်ပြုပါတယ်။

ဒါအပြင် အမှုတွဲအဖြစ်တရားစွဲဆိုခံထားရတဲ့  ဦးစိုးဝင်း(စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်း)၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီးဟောင်း)နဲ့ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့အားလုံးကိုလည်း   ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်ပါတယ်။

"၅ယောက်စလုံးကို ၃နှစ်စီချမှတ်လိုက်တာပါ" လို့တရားရုံးနဲ့နီးစပ်သူတစ်ယောက်ကပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီက မစ္စတာရှောင်တာနယ်လ်ကို စစ်ကောင်စီက လ.ဝ.က အက်ဥပဒေ၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃-၁(ဂ)တို့နဲ့တရားစွဲခဲ့ပြီး ဒီနေ့ရုံးချိန်းမှာ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မအတွက် အပြီးသတ်အမိန့်အဖြစ် ထောင်ဒဏ် ၃နှစ်စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံအစိုးရက  မစ္စတာရှောင်တာနယ်လ်ကိုပြန်လွှတ်ပေးဖို့ အကြိမ်ကြိမ်တိုက်တွန်းတောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီက အခုလိုပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ 

မစ္စတာ ရှောင်တာနယ်လ်ကို  ၂၀၂၁ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ စစ်ကောင်စီက ထိန်းသိမ်းခဲ့ပြီး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပါ ပုဒ်မ ၃ (၁) နဲ့ စတင်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ မစ္စတာရှောင်တာနယ်လ်ကို ရန်ကုန် အင်းစိန်ထောင်ကနေ နေပြည်တော်အချုပ်ထောင်ကိုပြောင်းရွှေ့ချုပ်နှောင်ခဲ့ပြီး နေပြည်တော်အကျဉ်းထောင်အရောက်မှာ ထောင်ဒဏ် ၅နှစ်အထိချမှတ်နိုင်တဲ့ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ စစ်ကောင်စီက ထပ်မံတရားစွဲဆိုခဲ့ပါတယ်။

၂၀၂၂ ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့အမှုစုစုပေါင်း ၁၉မှုရှိခဲ့ပြီး အဲ့ဒီအထဲက ၁၁မှုအတွက် စစ်ကောင်စီတရားရုံးက ကနဦး ထောင်ဒဏ် အနှစ်၂၀ ချမှတ်ထားပါတယ်။

အခုမစ္စတာရှောင်တာနယ်အမှုနဲ့ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ချမှတ်ခံရတဲ့ထောင်ဒဏ်ဟာ ၂၃ နှစ်အထိရှိလာပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ရဟတ်ယာဉ်ဝယ်ယူမှုနဲ့ပတ်သက်တဲ့အဂတိအမှု ၅မှု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့အဂတိအမှု ၂မှု၊ စုစုပေါင်း ၇မှုကို ရင်ဆိုင်ဖို့ကျန်နေပါသေးတယ်။

18 hours Ago

February 10, 2022

ရှေ့နေ နေပြည်တော်ဝင်ခွင့်မရသဖြင့် ရှောင်တာနယ်လ်အမှု မစစ်ဖြစ်

ဩစတြေးလျစီးပွားရေးပညာရှင် ရှောင်တာနယ်လ်ရဲ့အမှုရုံးချိန်းအတွက်  ရန်ကုန်ကလာတဲ့ ရှေ့နေတယောက် နေပြည်တော်အ၀င်ဂိတ်မှာ ကိုဗစ်စစ်ဆေးတာ ကိုယ်အပူချိန်များတဲ့အတွက် ဝင်ခွင့်မရလို့ အမှုမစစ်ဆေးဖြစ်ဘူးလို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

“အန်ကယ်ဦးစိုး၀င်းရှေ့နေက ရန်ကုန်ကလာရတာလေ။  နေပြည်တော်အ၀င်ဂိတ်မှာ ကျန်းမာရေးစစ်ဆေးတာ ကိုယ်အပူချိန်ရှိလို့ဆိုပြီ ဝင်ခွင့်မရတော့ မစစ်ဖြစ်ဘဲ ရုံးပြန်ချိန်းလိုက်တယ်” လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား ရှောင်တာနယ်လ်ကို စစ်ကောင်စီက မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃-၁(ဂ)၊ လ.ဝ.က အက်ဥပဒေတို့နဲ့ စွဲဆိုထားတာဖြစ်ပါတယ်။

ဒီအမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း(စီမံ/ ဘဏ္ဍာဝန်ကြီး)၊ ဦး ဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှုဒုဝန်ကြီး)၊ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)တို့လည်း အမှုတွဲအဖြစ် တရားစွဲခံထားရတာဖြစ်ပါတယ်။

အမှုတွဲပါ ဦးစိုးဝင်း(စီမံ/ဘဏ္ဍာဝန်ကြီး)နဲ့ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)တို့ဟာ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံမှာ တက်ရောက် ဆေးကုသမှုခံယူနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရှောင်တာနယ်လ်ကို  လွှတ်ပေးလိုက်တယ်ဆိုပြီး ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ပြောတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီသတင်းထွက်လာပြီးနောက် ရှောင်တာနယ်လ်ကို  ပြန်လွှတ်မပေးသေးဘူးလို့ စစ်ကောင်စီဘက်က ပြောဆိုခဲ့သလို  ကမ္ဘောဒီးယားအစိုးရကလည်း  ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ပြောစကားနဲ့ ပတ်သက်လို့ ပြန်လည်ရုပ်သိမ်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဩစတြေးလျ နိုင်ငံခြားရေး၀န်ကြီးဌာနကတော့  ရှောင်တာနယ်လ်ကို အမြန်ဆုံး  ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ 

8 months Ago
Up