close

ကော့ကရိတ်မြို့သိမ်းတိုက်ပွဲစတင်၊ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ အောက်တိုဘာ ၂၁ ရက် ဒီမနက် ၇ နာရီခွဲလောက်က  KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ တခြားသောကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ မြို့သိမ်းတိုက်ပွဲ စနေပြီလို့ တိုက်ပွဲ မှာ ပါဝင်တဲ့တပ်မှူး တယောက်က ဒီဗွီဘီကို ပြောပါတယ်။

ကော့ကရိတ်မြို့သိမ်းတိုက်ပွဲမှာ KNLA ပူးပေါင်းတပ်ဖွဲ့အင်အား ထောင်ချီ ပါဝင်တိုက်ခိုက်နေတာ ဖြစ်ပြီး မြို့အပြင်ဘက်မှာလည်း လှည့်ကင်းနဲ့ လုံခြုံရေးယူထားတဲ့ တပ်ဖွဲ့တွေရှိသလို ကျုံဒိုးဘက် ကလည်း လုံခြုံရေး အပြည့်ယူထားကြောင်းနဲ့ မြို့ကို သိမ်းပိုက် ရရှိတဲ့အထိ တိုက်သွားမယ်လို့  တပ်မှူးက ပြောပါတယ်။

ဒီမနက် ၇ နာရီခွဲမှာ မြို့ထဲကိုစတင် ဝင်ရောက်ရာမှာ တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့ပြီး အခုအချိန်အထိ နှစ်ဘက်တပ်တွေ ပစ်ခတ်နေဆဲဖြစ်ကာ ကော့ကရိတ်မြို့ အမှတ် ၇ ရပ်ကွက် ပန်းခြံအနီး ဆောင်းနဒီထမင်းဆိုင်အရှေ့နားမှာ  လက်နက်ကြီးကျလို့  အရပ်သား တယောက် သေဆုံးကာ နှစ်ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံထံက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားဘယ်လောက်ရှိလဲဆိုတာ မသိရသေးဘဲ မှော်ဘီလေတပ်ကနေ တိုက်လေယာဉ် ၂ စီးနဲ့  မနက် ၁၀ နာရီ ကျော်လောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ 

စစ်ကောင်စီဘက်က မြဝတီ-ကော့ကရိတ် အာရှလမ်းကိုပိတ်ထားပြီး မြဝတီမြို့မြောက်ဘက် ထို့ကော်ကိုးလမ်းဘက်ကို ပြန်တဲ့ခရီးသည်အားလုံးကိုလည်း မြဝတီရဲတပ်ဖွဲ့က ပိတ်ထားတာကြောင့် အရေးပေါ် သွားလိုသူတွေကတော့  တယောက်ကို ကျပ် ၅၀၀၀၀ ပေးပြီး သွားကြရတယ်လို့ ခရီးသည်တယောက်က ပြော ပါတယ်။

အာရှလမ်းမကြီးကို  ၄ ရက်တာ ပိတ်ထားတာကြောင့် ခရီးသည်တင်ကားတွေရော ကုန်တင်ကားတွေပါ သောင်တင်နေပြီး  ကုန်စည်စီးဆင်းမှု ရပ်တန့် မရှိသလောက်ဖြစ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up