ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ အောက်တိုဘာ ၂၁ ရက် ဒီမနက် ၇ နာရီခွဲလောက်က KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ တခြားသောကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ မြို့သိမ်းတိုက်ပွဲ စနေပြီလို့ တိုက်ပွဲ မှာ ပါဝင်တဲ့တပ်မှူး တယောက်က ဒီဗွီဘီကို ပြောပါတယ်။
ကော့ကရိတ်မြို့သိမ်းတိုက်ပွဲမှာ KNLA ပူးပေါင်းတပ်ဖွဲ့အင်အား ထောင်ချီ ပါဝင်တိုက်ခိုက်နေတာ ဖြစ်ပြီး မြို့အပြင်ဘက်မှာလည်း လှည့်ကင်းနဲ့ လုံခြုံရေးယူထားတဲ့ တပ်ဖွဲ့တွေရှိသလို ကျုံဒိုးဘက် ကလည်း လုံခြုံရေး အပြည့်ယူထားကြောင်းနဲ့ မြို့ကို သိမ်းပိုက် ရရှိတဲ့အထိ တိုက်သွားမယ်လို့ တပ်မှူးက ပြောပါတယ်။
ဒီမနက် ၇ နာရီခွဲမှာ မြို့ထဲကိုစတင် ဝင်ရောက်ရာမှာ တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့ပြီး အခုအချိန်အထိ နှစ်ဘက်တပ်တွေ ပစ်ခတ်နေဆဲဖြစ်ကာ ကော့ကရိတ်မြို့ အမှတ် ၇ ရပ်ကွက် ပန်းခြံအနီး ဆောင်းနဒီထမင်းဆိုင်အရှေ့နားမှာ လက်နက်ကြီးကျလို့ အရပ်သား တယောက် သေဆုံးကာ နှစ်ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံထံက သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားဘယ်လောက်ရှိလဲဆိုတာ မသိရသေးဘဲ မှော်ဘီလေတပ်ကနေ တိုက်လေယာဉ် ၂ စီးနဲ့ မနက် ၁၀ နာရီ ကျော်လောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
စစ်ကောင်စီဘက်က မြဝတီ-ကော့ကရိတ် အာရှလမ်းကိုပိတ်ထားပြီး မြဝတီမြို့မြောက်ဘက် ထို့ကော်ကိုးလမ်းဘက်ကို ပြန်တဲ့ခရီးသည်အားလုံးကိုလည်း မြဝတီရဲတပ်ဖွဲ့က ပိတ်ထားတာကြောင့် အရေးပေါ် သွားလိုသူတွေကတော့ တယောက်ကို ကျပ် ၅၀၀၀၀ ပေးပြီး သွားကြရတယ်လို့ ခရီးသည်တယောက်က ပြော ပါတယ်။
အာရှလမ်းမကြီးကို ၄ ရက်တာ ပိတ်ထားတာကြောင့် ခရီးသည်တင်ကားတွေရော ကုန်တင်ကားတွေပါ သောင်တင်နေပြီး ကုန်စည်စီးဆင်းမှု ရပ်တန့် မရှိသလောက်ဖြစ်နေပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလားနယ်စပ်ရှိ ရက္ခိုင့်တပ်တော် (အေအေ) အထိုင်ချရာ လက်ပန်တောင်ဒေသကို သြဂုတ် ၃၀ ရက် နေလယ် ၁ နာရီခွဲမှာ စစ်ကောင်စီတပ်က ၃ ရက်မြောက်အဖြစ် လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
"ဒီနေ့ နေ့လယ် ၁ နာရီကျော်မှာ ဗုံးကြဲချနေတာ၊ ဗျူဟာကုန်းအနီးမှာ ချသလို ဝေလာတောင်ကြော တလျှောက်မှာချနေတာ။ မီးခိုးတွေ ထွက်နေတာ တွေ့နေရတယ်။ မနေ့ကလည်း စစ်တပ်က ဗောဓိအလင်းပရဟိတကျောင်းကို မီးရှို့လိုက်ကြတယ်။ မော်တော်ဆိုင်ကယ် ၄ စီးလည်း မီးရှို့တဲ့အထဲ ပါသွားပါတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီလေတပ်က တိုက်လေယာဥ် ၂ စီးနဲ့ သြဂုတ် ၂၇ ညနေ ၄ နာရီ မိနှစ်၂၀ ကျော်မှာ တကြိမ်၊ သြဂုတ် ၂၈ ရက်နေ့ ညနေ ၃ နာရီ ၂၀ ကျော်မှာ တကြိမ်နဲ့ ဒီနေ့ နေ့လယ် ၁ နာရီ ၂၀ မှာ တကြိမ် လာရောက်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
“ပထမ ၂ ရက်က လေယာဥ်က ခမောင်းဆိပ်ဗျူဟာကုန်းအနီးကို ဝိုင်းထားတဲ့ အေအေ တပ်ဖွဲ့တွေရှိတဲ့နေရာကို ဗုံးချတိုက်ခိုက်တာ။ ဒီနေ့မှာ ဝေလာတောင်ကြောကို ချနေတာ တွေ့ရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဘင်္ဂလားနဲ့ မြန်မာ-နယ်စပ် ဝေလာတောင်ကြော လက်ပန်တောင်ဒေသမှာ အခြေချထားတဲ့ အေအေ အခြေချစခန်းကို စစ်ကောင်စီက ချေမှုန်းချင်တာကြောင့် ဝေလာတောင်ကြောကို စစ်ကောင်စီက လေကြောင်းကနေ အင်အားအလုံးအရင်းနဲ့ နေ့စဥ်ရက်ဆက် ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။တိုက်ပွဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မြန်မာဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကျည်တွေ ကျလာတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနက စစ်ကောင်စီ သံအမတ်ကို ဆင့်ခေါ် သတိပေးထားပါတယ်။