သြစတြေးလျနှင့်ဂျပန် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု သဘောတူ

သြစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘာနီးစ်နဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမိအိုခိရှိဒတို့ဟာ အာရှ-ပစိဖိတ်ဒေသအတွင်း တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု ပိုမိုအားကောင်းလာစေဖို့ တွန်းအား ရှိနေတဲ့ ကြားက နှစ်နိုင်ငံကြား လုံခြုံရေးဆိုင်ရာ ဆက်ဆံရေး ခိုင်မာစေဖို့ အောက်တိုဘာ ၂၂ ရက်မှာ သဘောတူခဲ့ကြပါတယ်။
အနောက်သြစတြေးလျပြည်နယ်ရဲ့ မြို့တော် ပါ့သ်မြို့မှာ ကျင်းပတဲ့ နှစ်ပတ်လည် ဩစတြေးလျ-ဂျပန်ခေါင်းဆောင်များ အစည်းအဝေးမှာ အမေရိကန်ရဲ့ မဟာမိတ်တွေ ဖြစ်တဲ့ ဩစတြေးလျ- ဂျပန် နှစ်နိုင်ငံဟာ ၂၀၀၇ ခုနှစ် သဘောတူညီချက်ကို အဆင့်မြှင့်တင်ပြီး လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ခိုင်မာတဲ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းအနေနဲ့၊ ဂျပန်စစ်တပ်ဟာ သြစတြေးလျမြောက်ပိုင်းမှာ သြစတြေးလျကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ စစ်ရေး လေ့ကျင့်မယ်လို့ အယ်လ်ဘာနီးစ်က ပြောပါတယ်။
အရင်က ပူးတွဲကြေညာချက်ထဲမှာ အကြမ်းဖက်မှု နှိမ်နင်းရေးနဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်နဲ့ နျူကလီးယား လက်နက် အစီအစဉ်တွေလို နယ်ပယ်တွေမှာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို အလေးပေး ဖော်ပြထားပါတယ်။
၂၀၁၄ ခုနှစ်တွင် နှစ်နိုင်ငံသည် ၎င်းတို့၏ ဆက်ဆံရေးကို အထူးမဟာဗျူဟာမိတ်ဖက်အဖြစ် မြှင့်တင် ခဲ့ပါတယ်။
အယ်လ်ဘာနိစ်နဲ့ ခိရှိဒါ့တို့ကလည်း ရာသီဥတုပြောင်းလဲမှုကို ဆွေးနွေးခဲ့ကြပြီး ဒေသတွင်း ကာဗွန် ထုတ်လွှတ်မှု လုံးဝကင်းစင်သွားစေဖို့နဲ့ သန့်ရှင်းတဲ့ စွမ်းအင်နည်းပညာမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြင့်လာစေဖို့ ပံ့ပိုးပေးမယ်လို့ ဖော်ပြခဲ့ကြပါတယ်။
အနာဂတ်အတွက် သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုမယ့် နည်းပညာတွေကို တည်ဆောက်ဖို့ လိုအပ်တဲ့ ဓာတ်သတ္တု တွေအပါအဝင် နှစ်နိုင်ငံအကြား လုံခြုံတဲ့ထောက်ပံ့ရေးကွင်းဆက်တွေ တည်ဆောက်ရာမှာကူညီဖို့ ခေါင်းဆောင်တွေက သဘောတူခဲ့ကြတယ်လို့ အယ်လ်ဘာနိစ်က ပြောခဲ့ပါတယ်။