close

မန္တလေး မီးပိတ်သပိတ် ပြုလုပ်ချိန် အကြမ်းဖက်စစ်တပ်က သေနတ်ပစ်ဖောက် အော်ဟစ်ဆဲဆို

မန္တလေးမြို့မှာ အောက်တိုဘာ ၂၈ ရက်ရက်ညက  ည ၈ နာရီခွဲကနေ ၈ နာရီ မိနစ် ၄၀ အထိ ပြည်သူတွေ မီးပိတ်သပိတ်  ၁၀ မိနစ်ကြာ ပြုလုပ် ဆင်နွှဲနေချိန် အကြမ်းဖက်စစ်အုပ်စုက မြို့တွင်းနေရာအနှံ့မှာ သေနတ်ပစ်ဖောက်ပြီး အော်ဟစ်ဆဲဆိုသောင်းကျန်းခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ညမိုးမချုပ်ခင်ကတည်းက စစ်သားတွေရော ရဲတွေရော နေရာအနှံ့ ရောက်နေကြတယ်။ စိန်ပန်းတို့ မြို့သစ်တို့ ဘက်တွေ ကျုံးပတ်လည်မှာလည်း ကင်းပုန်းတွေချထားတယ်။ မြို့ထဲလည်း ကားတွေနဲ့ လှည့်ပတ်နေတာတွေ့တယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ 

မန္တလေးမြို့ နေရာတချို့မှာ ဒီနေ့ညနေ ၄ နာရီလောက်ကစလို့ လျှပ်စစ်မီးတွေ ပြတ်တောက်နေကာ မီးပိတ်သပိတ် မပြုလုပ်ခင် ည ၇ နာရီခွဲလောက်မှာ  မီးပြန်ပေးခဲ့တယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။ 

ကျုံးအရှေ့ဘက် ၆၂ လမ်းမြို့ပတ်လမ်းနဲ့ လမ်း (၃၀) အနီး၊ သိပ္ပံလမ်းအနီး၊ စိန်ပန်းရပ်ကွက်နဲ့ မြို့အဝင် တံခွန်တိုင်အဝိုင်းပတ်နားနဲ့ နေရာတဝိုက်မှာ သေနတ်ပစ်သံတွေ ကြားခဲ့ရတယ်လို့ မြို့ခံတွေကထံကသိရပါတယ်။

ရန်ကုန်မြို့နဲ့ တခြားနယ်မြို့တွေမှာလည်း မနေ့ညက  တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်မီးတွေပိတ်၊ မီးမှိတ်ပြီး တိတ်တဆိတ် ဆုတောင်းတာတွေပြလုပ်ခဲ့ကြပါတယ်။ 

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အနန့်ပါရွာမှာ လေကြောင်းပစ်ခတ်မှုအတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ပြည်သူတွေအတွက် အပါအဝင် နွေဦးတော်လှန်ရေးနဲ့ တော်လှန်ရေးအဆက်ဆက်က ကျဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းကြေကွဲခြင်း၊ ဂုဏ်ပြုဦးညွှတ်ခြင်းအားဖြင့် “မီးသပိတ် လူထုလှုပ်ရှားမှု” ပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

မီးသပိတ်လှုပ်ရှားမှုအပြင် ကျဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက် မိမိတို့ ယုံကြည်ရာ ဘာသာတရားအလိုက် ဆုတောင်းတာတွေ၊ ကချင်လူထုနဲ့အတူ ရပ်တည်ကြောင်း ရည်ညွှန်းသရုပ်ဖော်တဲ့ လှုပ်ရှားမှုတွေကိုလည်း တပါးတည်း ဖော်ဆောင်သွားဖို့ သပိတ်အင်အားစုတွေက တိုက်တွန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up