close

ရန်ကုန်တွင် စားဝတ်နေရေးအတွက် ပံ့သကူကောက်သူ များပြား

ရန်ကုန်တိုင်း၊ မြို့နယ်တချို့ရှိ ဆင်ခြေဖုံးရပ်ကွက်တွေမှာ အောက်တိုဘာ ၇ ရက် တန်ဆောင်မုန်းလပြည်နေ့ညက စီးပွားရေးအဆင်မပြေတဲ့ပြည်သူတွေ စားဝတ်နေရေးအတွက် ပံ့သကူကောက်သူတွေ များပြားခဲ့တယ်လို့  မြို့ခံတွေဆီက သိရပါတယ်။

မြန်မာတို့ရဲ့ ရိုးရာဓလေ့တခုဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်ညမှာ မိမိတို့ တတ်နိုင်သမျှလေးတွေနဲ့ ပံ့သကူအလှူကို အစဥ်အလာမပျက်နှစ်စဥ်  ပြုလုပ်လေ့ရှိတယ်လို့ မြောက်ဥက္ကလာပမြို့ခံတစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။

"ပျော်တာထက် မရှိတဲ့သူတွေကို အဆင်ပြေသွားစေချင်တဲ့သဘောနဲ့ ပံ့သကူပစ်တာ နှစ်တိုင်း ပံ့သကူသုံးသိန်းပစ်တယ်။ တတ်နိုင်သလောက်ပေါ့။ လတိုင်း နှစ်သောင်း သုံးသောင်း စုထားပြီးပစ်တာ။”

မြို့နယ်တချို့ရဲ့ ဆင်ခြေဖုံးရပ်ကွက် လမ်းတွေမှာ မနေ့ည ၈ နာရီလောက်က စတင်ကာ အခြေခံလူတန်းစားတွေဟာ  ပံ့သကူကောက်ယူသူတွေ များပြားတယ်လို့ တောင်ဒဂုံမြို့ခံတစ်ဦးက ပြောပါတယ်။

"ကျနော်တို့မြို့က စစ်အုပ်ချုပ်ရေးမြို့နယ်ထဲမှာပါတော့ အစောကြီး ပံ့သကူပစ်တာ ရှာတဲ့သူတွေလည်း အများကြီးပဲ။”

တန်ဆောင်မုန်းလပြည့်ညမှာ ပျော်ပါးချင်တဲ့စိတ်နဲ့လိုက်လည်တာမဟုတ်ဘဲ  စားဝတ်နေရေးအတွက် မိသားစုအလိုက် ပံ့သကူလိုက်လံရှာဖွေကောက်ယူတာဖြစ်တယ်လို့ မြောက်ဒဂုံမြို့ခံတစ်ဦးက  ပြောပါတယ်။

"ကျနော်တို့မိသားစုဆို လိုင်းခန်းမှာနေတာ ငါးယောက်စလုံး လိုက်ကောက်တာ။ ညက သုံးသောင်းကျော်နဲ့ ဆန်ငါးပြည်ရတယ် တစ်ပတ်စာတော့ စားရတာပေါ့။”

စစ်တပ်က အာဏာသိမ်းပြီးနောက် လုယက်မှုနဲ့ ဓားပြတိုက်မှုတွေ ဆက်တိုက်ဖြစ်နေတာကြောင့် တန်ဆောင်တိုင်ညမှာ ပံ့သကူကောက်ယူသူတွေဟာ အသက်အန္တရာယ်နဲ့ရင်းကာ စားဝတ်နေရေးအတွက် လိုက်လံရှာဖွေရတာလို့ လှိုင်သာယာမြို့ခံတစ်ဦးက ပြောပါတယ်။

"လိုက်သာကောက်ရတယ် ဗုံးပေါက်မှာ စစ်တပ်က ဖမ်းမှာ ဖုန်းအလုခံရမှာ ကြောက်ရသလို အိမ်ရှင်တွေကလည်း သူတို့အိမ်ရှေ့ကို ပံ့သကူသွားရှာရင် မသင်္ကာတဲ့အကြည့်တွေနဲ့ ကြည့်တာ။”

ပံ့သကူပစ်သူတွေဟာ ငွေကြေးအပြင်  ဆန်၊ ဆီ၊ ဆားနဲ့ အဝတ်အထည်တချို့ကိုလည်း လမ်းဘေးဝဲယာတလျှောက်မှာ လိုက်လံပစ်ခဲ့ကြတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ရွှေပြည်သာ၊ လှိုင်သာယာနဲ့ မြောက်ဥက္ကလာပမြို့နယ်တို့လို စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေမှာ ည ၇ နာရီမှ စတင်ကာ ပံ့သကူပစ်ကြပြီး ရှာဖွေသူတွေကလည်း ည ၇ နာရီ မှ ၁၀ နာရီအထိသာ ရှာဖွေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up