ဆေးခြောက် တန် ၅၀ ကျော် စပိန်ရဲ ဖမ်းဆီးရမိ

စပိန်နိုင်ငံမှာ ဆေးခြောက် (မာရီဝါးနား) တန်ချိန် ၅၀ ကျော် ဖမ်းမိခဲ့ကြောင်း၊ နိုင်ငံအတွင်း ဖမ်းမိသမျှ မူးယစ်ဆေးဝါး ပမာဏထဲမှာ အကြီးမားဆုံးဖြစ်တယ်လို့ စပိန်ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။
အရှေ့မြောက်ပိုင်းဒေသ ကက်တလိုနီးယားမှာ စိုက်ခင်းခြံ ၈ ခြံကို ဖျက်သိမ်းခဲ့ပြီး သံသယရှိသူ လူအယောက် ၂၀ ကိုလည်း လျှပ်စစ်ဓာတ်အား ခိုးသုံးမှုနဲ့ ပြည်သူ့ကျန်းမာရေးကို ထိခိုက်စေမှု စွဲချက်တွေနဲ့ ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကုမ္ပဏီတခုက ပိုင်ဆိုင်ကြောင်း မှတ်ပုံတင်ထားတဲ့ တရားဝင်စက်မှုလုပ်ငန်း လုပ်နေတဲ့ ဂိုဒေါင်တွေကြားမှာ ဆေးခြောက်ပင်တွေကို တရားဝင် ဟမ့်ပ်-လျှော်ပင် စိုက်ခင်းတွေအဖြစ် ဖုံးကွယ်စိုက်ထားတာဖြစ်ပါတယ်။
စုစုပေါင်း မာရီဝါးနား ဆေးခြောက် ၅၂ တန် ဖမ်းမိခဲ့ပြီး အပင်ပေါင်း ၁၈၇၀၀၀ ကျော်နဲ့ အဖူးအညွန့် ၁၉ တန် တို့ကို သိမ်းဆည်းရရှိခဲ့ပါတယ်။
အခုလအစောပိုင်းက သီးခြားဖမ်းမိမှုတခုမှာ စပိန်အစိုးရဟာ မာရီဝါးနား ဆေးခြောက် ၃၂ တန်ကို သိမ်းဆည်းရမိခဲ့ကြောင်း ကြေညာခဲ့ပြီး အဲ့ဒီအချိန်တုန်းကတော့ စံချိန်တင်ပမာဏ ဖြစ်ခဲ့ပါတယ်။
အဲဒီ ဆေးခြောက်က တစ်ကီလိုဂရမ်ကို ယူရို ၂၃၀၀ - ယူရို ၂၅၀၀ ထိ ဈေးပေါက်တယ်လို့ စပိန်အခွန်အေဂျင်စီက မတူညီတဲ့ မူးယစ်ဆေးဝါး လုပ်ငန်းကို ရည်ညွှန်းပြောထားပါတယ်။
ဖမ်းဆီးရရှိလိုက်တဲ့ ဆေးခြောက် တန် ၅၀ ဟာ ခန့်မှန်းခြေ စုစုပေါင်းတန်ဖိုး ယူရို ၁၂၅ သန်းအထိ ရှိနိုင်ပါတယ်။