close

စပိန်ရဲ ဖမ်းဆီး

close

November 19, 2022

ဆေးခြောက် တန် ၅၀ ကျော် စပိန်ရဲ ဖမ်းဆီးရမိ

စပိန်နိုင်ငံမှာ ဆေးခြောက် (မာရီဝါးနား) တန်ချိန် ၅၀ ကျော် ဖမ်းမိခဲ့ကြောင်း၊ နိုင်ငံအတွင်း ဖမ်းမိသမျှ မူးယစ်ဆေးဝါး ပမာဏထဲမှာ အကြီးမားဆုံးဖြစ်တယ်လို့ စပိန်ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။ 

အရှေ့မြောက်ပိုင်းဒေသ ကက်တလိုနီးယားမှာ စိုက်ခင်းခြံ ၈ ခြံကို ဖျက်သိမ်းခဲ့ပြီး သံသယရှိသူ လူအယောက် ၂၀ ကိုလည်း လျှပ်စစ်ဓာတ်အား ခိုးသုံးမှုနဲ့ ပြည်သူ့ကျန်းမာရေးကို ထိခိုက်စေမှု စွဲချက်တွေနဲ့ ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုမ္ပဏီတခုက ပိုင်ဆိုင်ကြောင်း မှတ်ပုံတင်ထားတဲ့ တရားဝင်စက်မှုလုပ်ငန်း လုပ်နေတဲ့ ဂိုဒေါင်တွေကြားမှာ ဆေးခြောက်ပင်တွေကို တရားဝင် ဟမ့်ပ်-လျှော်ပင် စိုက်ခင်းတွေအဖြစ် ဖုံးကွယ်စိုက်ထားတာဖြစ်ပါတယ်။ 

စုစုပေါင်း မာရီဝါးနား ဆေးခြောက် ၅၂ တန် ဖမ်းမိခဲ့ပြီး အပင်ပေါင်း ၁၈၇၀၀၀ ကျော်နဲ့ အဖူးအညွန့် ၁၉ တန် တို့ကို သိမ်းဆည်းရရှိခဲ့ပါတယ်။ 

အခုလအစောပိုင်းက သီးခြားဖမ်းမိမှုတခုမှာ စပိန်အစိုးရဟာ မာရီဝါးနား ဆေးခြောက် ၃၂ တန်ကို သိမ်းဆည်းရမိခဲ့ကြောင်း ကြေညာခဲ့ပြီး အဲ့ဒီအချိန်တုန်းကတော့ စံချိန်တင်ပမာဏ ဖြစ်ခဲ့ပါတယ်။

အဲဒီ ဆေးခြောက်က တစ်ကီလိုဂရမ်ကို ယူရို ၂၃၀၀ - ယူရို ၂၅၀၀ ထိ ဈေးပေါက်တယ်လို့ စပိန်အခွန်အေဂျင်စီက မတူညီတဲ့ မူးယစ်ဆေးဝါး လုပ်ငန်းကို ရည်ညွှန်းပြောထားပါတယ်။ 

ဖမ်းဆီးရရှိလိုက်တဲ့ ဆေးခြောက် တန် ၅၀ ဟာ ခန့်မှန်းခြေ စုစုပေါင်းတန်ဖိုး ယူရို ၁၂၅ သန်းအထိ ရှိနိုင်ပါတယ်။ 

26 seconds Ago

October 6, 2019

အိုင်အက်စ်အဖွဲ့ဝင် သံသယဖြင့် ၂၃ နှစ်အရွယ် အမျိုးသားကို စပိန်ရဲ ဖမ်းဆီး

စပိန်ရဲတွေဟာ အသက် ၂၃ နှစ်အရွယ် အမျိုးသားတယောက်ကို အစ္စလာမစ် နိုင်ငံအမည်ခံ အိုင်အက်စ်စစ်သွေးကြွအဖွဲ့ဝင် သံသယနဲ့ ဖမ်းခဲ့တယ်လို့ အောက်တိုဘာ ၅ ရက်မှာ ပြောပါတယ်။  သူ့အိမ်ကိုရှာချိန်မှာ ပစ်မှတ်စာရင်းနဲ့ ဖောက်ခွဲရေးလုပ်ငန်းသုံး ဓာတုပစ္စည်းတွေ၊ ဖောက်ခွဲရေးပစ္စည်းတွေကို ဘယ်လိုပြင်ဆင်ရတယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေနဲ့အတူ ဗုံးဆန်အစအနတွေ စိုက်နေတဲ့ ကျည်ကာအင်္ကျီတထည်ကို တွေ့တယ်လို့လည်း ပြောပါတယ်။ ဒီပစ္စည်းတွေကို လတ်တလော နှစ်တွေအတွင်း အနောက်ဥရောပတလွှား တိုက်ခိုက်မှုတွေမှာ သုံးခဲ့ဖူးပါတယ်။ အေ ၃ လုံးလို့ သတ်မှတ်ခေါ်ဝေါ်တဲ့ စပိန်နိုင်ငံသားကို မက်ဒရစ်မြို့နားက ပါလာမြို့မှာ ဖမ်းမိခဲ့တာပါ။  တိုက်ခိုက်မှုတွေ ကျူးလွန်ဖို့နဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုတွေကို လှုံ့ဆော်မှုသံသယနဲ့ ဖမ်းခဲ့တာလို့ ရဲက ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီအမှုကို စပိန်တရားရုံးချုပ်က စုံစမ်းစစ်ဆေးနေပါတယ်။ စီးနင်းမှုအတွင်း လူ ၂ ယောက်ကို ရဲက အစောပိုင်းမှာ ဖမ်းခဲ့တာပါ။ နောက်ပိုင်းမှာ တယောက်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ကြေညာချက်က ဆိုပါတယ်။  အိုင်အက်စ်တွေဟာ လူ ၁၄ ယောက် သေဆုံးခဲ့ရတဲ့ ကမ်ဘရေစ်နဲ့ ဘာစီလိုနာ မြို့တွေကို ၂၀၁၇ မှာ တိုက်ခိုက်မှုအတွက် တာဝန်ရှိတယ်လို့ အခိုင်အမာ ပြောထားပါတယ်။ သံသယရှိသူဟေ စပိန်တရားရုံးချုပ် တရားသူကြီးကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ဖူးတယ်လို့လည်း အမည်မဖော်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး စပိန်အခြေစိုက် အယ်လ်ပိုက်စ်သတင်းစာက အစီရင်ခံပါတယ်။
3 years Ago
Up