close

မင်္ဂလာဒုံ ပျဉ်းမပင်အုပ်စုက ရပ်ကွက်များကို စစ်ကောင်စီက ဘူဒိုဇာဖြင့်ဖျက်ဆီး

စစ်ကောင်စီလက်အောက်ခံ မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က မင်္ဂလာဒုံမြို့နယ်ထဲက ဓမ္မပါ လ ရပ်ကွက်အပါအဝင် ရပ်ကွက် ၅ ခုကို နိုဝင်ဘာ ၁၈ ရက်နေ့ ဖျက်သိမ်းဖယ်ရှား‌ဖို့ကနေ ၂၅ ရက် အထိ ရက်ထပ်တိုးထားပေမဲ့ ဒီနေ့မနက်က ဘူဇာထိုးတစီး၊ ရဲနဲ့ အရပ်ဝတ် ၅၀ လောက်က အိမ်တွေကို လာရောက်ဖျက်သိမ်းနေတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ရွှေ့နေတဲ့ကြားထဲက နေ့စဉ်နေ့တိုင်း ကားတန်းနဲ့ပတ်ပြီး အော်တယ်၊ ၁၈ ရက်နေ့ ဖျက်ရမယ်၊ အဲ့ဒါကို ကောလာဟလ ဖြန့်ဝေခြင်း၊ လှုံ့ဆော်ခြင်း မလုပ်ဖို့ အင်အားပြပြီး ခြိမ်းခြောက်တာ၊ ဘုန်းကြီးကျောင်းနဲ့ နှစ်အိမ်ပဲကျန်တယ်။ မဖျက်ပေးတဲ့ အိမ်ကိုကျတော့ မဖျက်ရင် ဥပဒေအရ အရေးယူမယ်၊ မဖျက်ဘူး ထားခဲ့တယ်၊ ဓမ္မပါလဆို တောင်ဘက်တခြမ်းလုံးနဲ့ ရဲတပ်ရင်း ၈ ဂိတ်အထိ တအိမ်မှ မကျန်တော့ဘူး၊ ဆွမ်းလောင်းဓမ္မာရုံ‌တောင် ဖျက်တယ်။ ရွှေတိုင်အေး ဘုန်းကြီးကျောင်းလည်း ဖျက်သွားတယ်။”

အဆိုပါရပ်ကွက်တွေဟာ ၂၀၁၆ ခုနှစ်က မြောက်ပိုင်းခရိုင်တရားရုံးရဲ့ ဆုံးဖြတ်ချက်အရ နေထိုင်ခွင့်ပြုခံထားတဲ့ စိုက်ပျိုးမြေနေရာတွေဖြစ်ပြီး စစ်အာဏာသိမ်းပြီးချိန်မှာ ဖျက်သိမ်းပစ်ဖို့ စစ်ကောင်စီဘက်က ပြန်လည်စီစဉ်ခဲ့တာပါ။

ဒီနေ့လာဖျက်တာကို မျက်မြင်တွေ့သူတဦးက “ဝီစီတွေ မှုတ်ပြီးတော့ ယူနီဖောင်းနဲ့က နှစ်ယောက် သုံးယောက်လောက်ပဲ လာတာ။ ကျန်တာက မာဖီနဲ့ မျက်နှာစည်းပြီးတော့လာတာ။ သူပုန်တွေလိုပဲ ခရာမှုတ်တဲ့အခါကျတော့ ဖျက်နေတဲ့ အိမ်တွေ တန်းလန်းလည်း ထွက်ပြေးရတာပေါ့။ အိမ်ဖျက်နေတဲ့ နီးစပ်ရာ အလုပ်သမားတွေလည်း ရှိတယ်။ မသင်္ကာလို့ဆိုပြီး သူတို့ ရဲက ဖုန်းတွေကိုပါ ယူသွားတယ်” လို့ ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်တဲ့ အိမ်ဖျက်သိမ်းဖို့ အမိန့်စာကြောင့် ရပ်ကွက် ၅ ခုထဲက စံသမာဓိရပ်ကွက်၊ မြဲမြံအောင်ရပ်ကွက်၊ မြဝတီစိုက်ခင်း ၁ တို့မှာ ကြိုးဆွဲချသေဆုံးသူ ၃ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up