close

ဖားကန့်တွင် အရပ်သားကားတစီးကို စစ်တပ် ပစ်ခတ်၊ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ စပေါ့ကျေးရွာအနီး ကောင်ဆန်ကျေးရွာမှာ အရပ်သားကားတစီးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် တဦးသေဆုံးပြီး တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ‌ပြောပါတယ်။

နိုဝင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး စီးနင်းလာတဲ့ စစ်ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တဲ့အတွက် စစ်တပ်ဘက်က ပြည်သူတွေကို ပြန်လည်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“စစ်ကား အရင် မိုင်းဆွဲတိုက်ခိုက်ခံရတာ။ အဲ့မှာ စစ်သားတွေသေပြီး ဒဏ်ရာရသူတွေရှိတော့ ပြည်သူတွေကားကို ပြန်ပစ်တာ။ နေ့လယ် ၁ နာရီလောက်က ဟုတ်တယ်။ ကား ၂ စီးက ရှေ့ဆင့် နောက်ဆင့် သွားနေတာ အပစ်ခံရတာ။ တယောက်သေတယ်၊ တယောက်က ဒဏ်ရာပြင်းတယ်။”

သေဆုံးသူဟာ ဖားကန့်မြို့ ကလပ်ကုန်းရပ်ကွက်က အသက် ၃၁ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပြီး မြစ်ကြီးနားဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးပါတဲ့ ကားတစီးဟာ‌ စဘော်မှော်နား သွားလာနေတဲ့အချိန် ကေအိုင်အေက မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် ကားမောင်းတဲ့ စစ်ကောင်စီတပ်သား တယောက် သေဆုံးပြီး ငါးယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၃ ရက် ညနေ ၄ နာရီလောက်ကလည်း ကောင်ဆန်ကျေးရွာအနီး သောင်းကော့ဘက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ၅ ကြိမ် ပစ်ခတ်ခဲ့ပြီး နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့ကာ အရပ်သား ၁ ဦး သေဆုံး၊ ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။

ကောင်ဆန်၊ သောင်းကော့နဲ့ ကရင်ချောင် ကျေးရွာတွေမှာ စစ်ကောင်စီတပ် အင်အား ၅၀ ဝန်းကျင် နေရာယူထားပြီး တိုက်ပွဲထပ်မံဖြစ်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်တဲ့အတွက် ဒေသခံပြည်သူတွေက ဖားကန့်မြို့ပေါ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ကောင်ဆန်ရွာက ကက်သလစ်နဲ့ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းကြားမှာရှိတဲ့ ဆုတောင်းတောင်နားမှာလည်း စစ်ကောင်စီတပ်တွေက ကတုတ်ကျင်းတွေတူးထားပြီး စခန်းချထားတယ်။ အရပ်သားတွေကိုလည်း ပေါ်တာဆွဲပြီး ကတုတ်ကျင်းတူးခိုင်းတယ်။ အရပ်သားတွေကိုဖမ်းပြီး သူတို့နောက်လိုက်ခိုင်းပြီး လူသားတံတိုင်းလိုမျိုး လုပ်တယ်။ ရွာထဲတော့ အကုန်ကြောက်လို့ ထွက်ပြေးကုန်ပြီ။ ညကတော့ ဘုန်းကြီးကျောင်းမှာ စုအိပ်ကြတာ။ မနက်ပိုင်းတော့ အဆင်ပြေရာကို ပြောင်းကြတယ်။”

ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်က ကေအိုင်အေ တပ်မဟာ ၉ နယ်မြေ အနန့်ပါမှာ စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က ဖားကန့်နယ်မြေအတွင်း စစ်အင်အားတွေဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားတာတွေ လုံခြုံရေး တင်းကျပ်တာတွေ ဆက်တိုက်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီက ဖားကန့်ဒေသကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် သြဂုတ်လကစပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up