close

မြိုင်တွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ စစ်တပ်လက်နက်ကြီးကြောင့် ရေလယ်ကျွန်း ဒေသခံ ၂ ဦး ဒဏ်ရာရ

မကွေးတိုင်း မြိုင်မြို့နယ်မှာ နိုဝင်ဘာ ၂၅ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းတွေ၊ မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့်  ထိခိုက် သေဆုံးသူ များပြားနိုင်တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

သရက်ကန်နဲ့ တွင်းမရွာကြားမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ကို မနေ့ မနက် ၈ နာရီ ကျော်လောက်က ဒရုန်းနဲ့ အီနာဂါဗုံးသီးချ တိုက်ခိုက်ခဲ့ရာမှာ  ၇ ယောက်လောက် ဒဏ်ရာရရှိပြီး သေဆုံးသူရှိနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြိုင်ကနေ ထွက်လာတဲ့ စစ်ကား ၄ စီးအပါအဝင် ဆိုင်ကယ်တွေကို ဒီနေ့ မနက် ၁၀ နာရီကျော်လောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ရှေ့ထွက်မိုင်း ၁၀ လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူ များပြားနိုင်တယ်လို့ ဗိုလ်လက်ယာက ဆိုပါတယ်။

အဲဒီတိုက်ပွဲကို စက်ြာကာကွယ်ရေးတပ်ဖွဲ့၊ တောင်ပိုင်းလူငယ်တပ်ဖွဲ့ - SYB တို့နဲ့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကို မသိရသေးဘဲ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ တယ်လို့ သိရပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ်နဲ့မြိုင်မြို့နယ်တွေမှာ နိုဝင်ဘာ ၂၃ ရက်က စစ်ကောင်စီရဲ့ စစ်ကြောင်း ၂ ကြောင်းနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲ အပြင်းထန်ဖြစ်ပွားပြီး စစ်ကောင်စီ ဘက်က သေဆုံးဒဏ်ရာ ရရှိသူ များပြားကာ စစ်ကောင်စီတပ်က ကျေးရွာ ၃ ရွာက နေအိမ် ၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ မြိုင် ပ.က.ဖ နဲ့ဒေသခံတွေဆီကနေ သိရပါတယ်။

မကွေးတိုင်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက မြေတော်ရွာကို စစ်တပ်က နိုဝင်ဘာ ၂၄ရက် မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ​ဒေသခံ နှစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

"၆၀ မမတွေ လှမ်းပစ်တယ်။ အီနာဂါအတွဲတွေကို ဒရုန်းနဲ့ ချတာ။ ထိခိုက်ဒဏ်ရာ ရတာပဲ ရှိတယ်။ ပြင်းထန်တာတော့ မရှိဘူး။"

စစ်တပ်က ပစ်ချတဲ့ အီနာဂါထိမှန်ပြီး အသက် ၅၀ ဝန်းကျင် အမျိုးသမီး တယောက်နဲ့ အသက် ၁၂အရွယ် ကလေး တယောက် ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

မြေတော်ရွာဟာ ဧရာဝတီမြစ်အနောက်ဘက်ကမ်းမှာရှိပြီး စစ်တပ်က အရှေ့ဘက်ကမ်းကနေ လှမ်းပစ်တာလို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up