close

ရန်ကုန်တွင် ရုတ်တရက် လေပြင်းတိုက်

ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေ အတော်များများမှာ နိုဝင်ဘာ ၃၀ ရက် ညက လေပြင်းတွေ ရုတ်တရက် တိုက်ခတ်၊ မိုးထစ်ချုံးပြီး  မြို့နယ်တချို့မှာ လျှပ်စစ်မီးတွေလည်း ပြတ်တောက်သွားခဲ့ပါတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရန်ကုန်မြို့တွင်း မြို့နယ်နယ်တွေနဲ့  တာမွေ၊ ဗဟန်း၊ စမ်းချောင်း၊ အလုံ၊ ကမာရွတ်၊ လှိုင်၊ မရမ်းကုန်း၊  ဒဂုံမြို့သစ် (တောင်ပိုင်း) ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) စတဲ့ မြို့နယ်တွေ အားလုံးလိုလိုမှာ လေပြင်းတွေတိုက်ခတ်မှု ဒဏ်ကို ခံစားခဲ့ကြရတာပါ။

ရန်ကုန်မြို့ခံတဦးက “ ည ၉ နာရီကျော် လောက်မှာ တိုက်တာ၊ လေတော်တော်ပြင်းတယ်။ လေပြင်းတောင်မကဘူး မုန်တိုင်းလောက် နီးနီးတိုက်တာ၊ အိမ်ခေါင်မိုးတွေဆို တပြောင်းပြောင်းအသံမည်တာ။ လန်ထွက်မှာတောင်စိုးရတယ်။”လို့ပြောပါတယ်။   

လေပြင်းတွေကြောင့် မြို့နယ်တချို့မှာ လျှပ်စစ်မီးကတွေလည်း ပျက်သွားခဲ့ပြီး  တချို့နေရာတွေမှာ နာရီပိုင်းနဲ့ မီးပြန်လာပေမဲ့ တချို့နေရာတွေမှာတော့  အချိန်အတန်ကြာမီးပျက်သွားတယ်လို့ သိရပါတယ်။

လေပြင်းတွေကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေနဲ့ လူတွေထိခိုက်ဒဏ်ရာရတဲ့ အခြေအနေတွေကို တော့ မသိရသေးပါဘူး။

မိုးလေဝသကျွမ်းကျင်သူ ဦးဝင်းနိုင်ကတော့ မွန်ပြည်နယ်နဲ့ စစ်တောင်းမြစ်ဝပေါ်မှာ ရုတ်တရက်ဖြစ်လာတဲ့ တိမ်ထုကြီးကြောင့် "စိုက်ဆင်းလေပြင်း"တိုက်တာ ရန်ကုန်အရှေ့ပိုင်းခရိုင်နဲ့ တောင်ပိုင်းခရိုင်ဒေသတချို့ လေပြင်းတွေကျသွားတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

အဆိုပါ လေပြင်းတိုက်ခတ်တဲ့ ဖြစ်စဉ်တွေဟာ မိုးတိမ်တောင်ကြောင့်ဖြစ်ပေါ်တာလို့ မိုးဇလ ဌာနက သတင်းထုတ်ထားပါတယ်။

အဆိုပါ မိုးတိမ်တောင်ဖြစ်စဉ်တွေဟာ အချိန်တိုလေးအတွင်း ဖြစ်ပေါ်ပြီး လေပြင်းတိုက်၊ လျှပ်စီးလက်၊ မိုးကြိုးပစ်စတဲ့ မိုးလေဝသဖြစ်တွေ ဖြစ်ပေါ်တတ်ပြီး များသောအားဖြင့် နွေကာလမှာ ဖြစ်တတ်ပေမဲ့ ရာသီဥတုပြောင်းလဲလာမှုကြောင့် အခုလိုမျိုး ဖြစ်ပွားရတာလို့ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up