close

မြန်မာစစ်တပ်ကို အိုင်စီစီတရားရုံးက အရေးယူပေးရန် အကြံပေးကောင်စီ တောင်းဆို

ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ မြန်မာစစ်တပ်ကို  အပြည်ပြည်ဆိုင်ရာ  ရာဇဝတ်ခုံရုံး (အိုင်စီစီ) ကနေ အရေးယူပေးဖို့ ကုလသမဂ္ဂအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီ(SAC-M)က ဒီဇင်ဘာ ၁၅ ရက်မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ ၂ဝ၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကစလို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရက်ရက်စက်စက်ကျူးလွန်နေပြီး ၂ဝ၂၂ ခုနှစ် တလျှောက်လုံးမှာလည်း ရပ်သွားတာမရှိဘဲ ဆက်လက်ကျူးလွန်နေတယ်လို့ ကုလအရာရှိဟောင်းတွေက ထောက်ပြပါတယ်။

တာဝန်ရှိတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် လုပ်နိုင်မှ အကြမ်းဖက်လုပ်ရပ်တွေရပ်တန့်သွားမှာဖြစ်ကြောင်း၊ ဒီလိုလုပ်ဖို့  အိုင်စီစီတရားရုံးအနေနဲ့ အရေးယူနိုင်တဲ့ အခွင့်အလမ်းရှိသလို အရေးယူလည်း ယူရမယ်လို့ အကြံပေးကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်တပ်ဟာ မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်ပြီး ကျူးလွန်နေမှာဖြစ်ပြီး ဒါတွေရပ်တန့်အောင် မလုပ်နိုင်မချင်း ကျူးလွန်နေမှာဖြစ်လို့ နိုင်ငံတကာ အသိုက်အဝန်းကနေ ဒီစစ်ဗိုလ်ချုပ်တွေကို အိုင်စီစီတရားရုံးမှာ တရားစွဲနိုင်ရေး လုပ်နိုင်တာအားလုံး လုပ်ဖို့လိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ်ဟောင်း မစ္စယန်ဟီးလီကပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရိုဟင်ဂျာတွေထွက်ပြေးရတဲ့ကိစ္စနဲ ပတ်သက်လို့ ပြီးခဲ့တဲ့ ၂ဝ၁၉ ခုနှစ်မှာ  အိုင်စီစီ တရားရုံးကနေ အချက်အလက်ရှာဖွေ စုံစမ်းစစ်ဆေးမှုတစ်ခုစတင်ခဲ့ပါတယ်။

မြန်မာစစ်တပ်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုအထောက်အထားတွေ အများအပြားရှိတယ်လို့ ကုလသမဂ္ဂကဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား အဖွဲ့ကလည်း ပြောဆိုနေပေမယ့် အခုအချိန်အထိ တမှုတလေတောင် တရားရုံးတင် လက်တွေ့အရေးယူ ဆောင်ရွက်တာ မရှိသေးပါဘူး။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up