close

မြန်မာနယ်စပ်တွင် ဘင်္ဂလားဒေ့ရှ်က ဒရုန်းများဖြင့် စောင့်ကြည့်

ရိုဟင်ဂျာတွေ အမြောက်အမြား ထွက်ပြေးခဲ့ရတဲ့ ပြဿနာမျိုး နောက်ထပ်ဖြစ်လာဖို့ အလားအလာရှိတဲ့ တင်းမာမှုတွေဖြစ်နေတဲ့ မြန်မာနိုင်ငံနယ်စပ်မှာ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးဌာနက အဆင့်မြင့်ဒရုန်းတွေကို နေရာချထားတယ်လို့ The Defense Post သတင်းမှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးဌာနက ကမ်းရိုးတန်းစောင့် စိန့်မာတင်စခန်းနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့စခန်းတွေမှာ နယ်စပ်လုံခြုံရေး စောင့်ကြည့်ဖို့ ဒရုန်းတွေ ပို့ဆောင်နေရာချထားတယ်လို့  The Daily Star သတင်းမှာလည်း ဖော်ပြခဲ့ပါတယ်။

လွှတ်တော်စောင့်ကြည့်အဖွဲ့ ခေါင်းဆောင် ဘနာဇီရာအာမက်က “နယ်စပ်တွေမှာ ဒရုန်းတွေနဲ့ စောင့်ကြည့်ဖို့ ကျနော်တို့က အကြံပေးတိုက်တွန်းခဲ့ပါတယ်။ ဒရုန်းနဲ့ စောင့်ကြည့်တာတွေကို ဘာစန်ချာ အပါအဝင် ရိုဟင်ဂျာဒုက္ခသည်တွေ နေထိုင်ရာဒေသတွေမှာ တပ်ဆင် နေရာချထားပြီးပါပြီ” လို့  ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ်လလယ်လောက်က ဘင်္ဂလားဒေ့ရှ်နယ်နိမိတ်အတွင်းကို မြန်မာနိုင်ငံဘက်က ပစ်ခတ်လိုက်တဲ့ မော်တာကျည်တွေ အကြိမ်ကြိမ်ကျရောက်ခဲ့ပြီးနောက်မှာ နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာခဲ့ပါတယ်။

နယ်စပ်ဖြတ်ကျော် ကျရောက်လာတဲ့ မော်တာကျည်တလုံးကြောင့် ဆယ်ကျော်သက်အရွယ် ရိုဟင်ဂျာ လူငယ်တစ်ဦးကို ထိမှန်သေဆုံးခဲ့ရပြီး ဘန်ဒါဘန်ဒေသအနီးက နောက်ထပ် ခြောက်ဦးလည်း ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

မော်တာကျည်ကျရောက်ခဲ့တဲ့ ဒေသဝန်းကျင်မှာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ ဖြိုခွင်းနှိပ်ကွပ်မှုကြောင့် ထွက်ပြေးလာခဲ့ရတဲ့ ရိုဟင်ဂျာ ၄၀၀၀ လောက် နေထိုင်နေကြပါတယ်။။ 

မြန်မာစစ်တပ်ဘက်က ပစ်ခတ်တဲ့ကျည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်ထဲကို အကြိမ်ကြိမ် ဝင်ရောက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်ကောင်စီရဲ့ သံအမတ်ကို ဆင့်ခေါ်သတိပေးခဲ့ရတာ ဩဂုတ်လနောက်ပိုင်းမှာ လေးကြိမ်ရှိခဲ့ပါတယ်။ 

အငြိမ်းစားရေတပ်ဗိုလ်ချုပ်ဖြစ်သူ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရေတပ်ပိုင်းဆိုင်ရာ အတွင်းရေးမှူး ခါရှိတ်အလမ်က “လေပိုင်နက်နဲ့ မြေပိုင်နက်ဆိုင်ရာ စည်းကမ်းချက်တွေ ဖောက်ဖျက်ကျူးလွန်တာနဲ့ ပတ်သက်ပြီး ကျနော်တို့ဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့စာ ပေးပို့ခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေကို အကြိမ်ကြိမ်လက်ခံနိုင်မှာ မဟုတ်တဲ့အကြောင်းကိုလည်း မြန်မာဘက်ကို သတိပေးခဲ့ပါတယ်” လို့ ပြောပါတယ်။

ရခိုင်တပ်မတော်နဲ့ မြန်မာစစ်တပ်ကြားက ပဋိပက္ခဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စသာ ဖြစ်တာကြောင့် ဘယ်လိုဖြေရှင်းမယ်ဆိုတာ မြန်မာနိုင်ငံဘက်က စိတ်တိုင်းကျရွေးချယ် ဆုံးဖြတ်ရမှာဖြစ်ပေမဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကိုတော့ လက်နက်ကျည်ဆန်တွေ လာကျလို့ မရဘူး။ ကျလာခဲ့ရင် အဲဒီအတွက် တာဝန်ယူရမယ်လို့လည်း ရေတပ်ကျွမ်းကျင်သူက ပြောပါတယ်။ 

ဩဂုတ်လ အစပိုင်းတည်းကနေ ရခိုင်းပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ်ဘက်မှာ ကျက်စားနေတဲ့ ရခိုင့်တပ်မတော်နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာလို့ The Defence Post  သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up