ဖူးကက်လေဆိပ်တွင် အမေရိကန်ခရီးသွား ၁ ဦး ခုန်ချသေဆုံး

ထိုင်းတောင်ပိုင်း ဖူးကက်နိုင်ငံတကာလေဆိပ်မှာ ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းက ကမ္ဘာလှည့်ခရီးသွားဧည့်သည် တယောက် ၃ လွှာပေါ်ကနေ ခုန်ချပြီးသူ့ကိုယ်သူသေကြောင်းကြံ သွားခဲ့တယ်လို့ ဖူးကက်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
ဒီဇင်ဘာ ၂၈ ရက် ညနေ ၃ နာရီ ၁၅ မိနစ်က ဖူးကက်လေဆိပ် တတိယထပ် ခရီးသည်များ နားနေဆောင်နဲ့ ကားပါကင်ကြား စင်္ကြံပေါ်ကနေ လူတစ်ယောက်အောက်ကို ခုန်ချသွားကြောင်း သတင်းပို့ချက်ရတဲ့အတွက် သွားရောက်စစ်ဆေးခဲ့တယ်လို့ လေဆိပ်ကမ္ဘာလှည့်ခရီးသည်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဧကချိုင်း ဆီရီက သတင်းထောက်တွေကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ တီရှပ်အညို ၊ ဂျင်းဘောင်းဘီအပြာ ၊ ရှူးဖိနစ် အနက်ရောင်ဝတ်ဆင်ထားသူ နိုင်ငံခြားသား တယောက် သွေးအိုင်ထဲမှာ မှောက်ရက်အနေအထားနဲ့ လဲကျနေကြောင်း ၊ အသက်ရှူနေသေးတဲ့အတွက် ရှေးဦးသူနာပြုစုပြီး ထလန်မြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့ပေးခဲ့တယ်လို့ ဆိုပါတယ် ။ ဒါပေမယ့်လည်း အဆိုပါနိုင်ငံခြားသားဟာ ညနေ ၄ နာရီလောက်မှာ ဆုံးပါးသွားခဲ့ပါတယ်။
စစ်ဆေးချက်အရ သူဟာ အသက် ၃၅ နှစ်ရှိ Mr.Jason Merrill Fullmer ဆိုသူ အမေရိကန်နိုင်ငံသား ၁ ဦးဖြစ်ပြီး ထိုင်းနိုင်ငံထဲကို ဒီဇင်ဘာ ၁၃ ရက်က ဝင်လာကာ ဒီဇင်ဘာ ၁၇ ကနေ ၂၀ ထိ ဖူးကက်ခရိုင် ထလန်မြို့နယ် ဟိုတယ်တစ်ခုမှာတည်းခိုသွားတယ်လို့ ဆိုပါတယ်။
အဲဒီနောက်သူဟာ ကမ္ဘာလှည့်ခရီသွားရဲတပ်ဖွဲ့ဆီသွားပြီး ပါလာတဲ့ငွေတွေကုန်သွားလို့ အိမ်ပြန်ဖို့လမ်းစရိတ်မရှိတော့လို့ စိတ်ညစ်နေကြောင်း၊ ဆွေမျိုးတွေဆီဖုံးဆက်ပေမဲ့ ဖုံးမကိုင်ကြကြောင်း ရဲတပ်ဖွဲ့ကိုရင်ဖွင့်ခဲပါတယ်။
ရဲတွေက အမေရိကန်သံရုံးကိုချိတ်ဆက်ပေးပြီး သံရုံးကသူ့ကို ငွေချေး ပေးဖို့လုပ်ပေမယ့် သူက အစ်မဖြစ်သူထံတောင်းထားတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီနောက် သူ့ကိုလေဆိပ်တဝိုက်မှာ သွားလာနေတာတွေ့ရပြီး နောက်ဆုံးအမြင့်ပေါ်ကနေ ခုန်ချကာ သူ့ကိုယ်သူအဆုံးစီရင်သွားတာလို့ ဆိုပါတယ်။