ခရီးသည် ၁ ဦးပိုနေသဖြင့် ထိုင်းလေယာဉ် ဖူးကက်လေဆိပ်ကို နောက်ကြောင်းပြန်လှည့် ဆင်းသက်

ထိုင်းတောင်ပိုင်း၊ ဖူးကက်လေဆိပ်ကနေ ဘန်ကောက်ကို ဒီဇင်ဘာ ၁ ရက် မနေ့ညက ထွက်ခွာလာတဲ့လေယာဉ် ၁ စီးပေါ်မှာ ခရီးသည် ၁ ဦးပိုနေတာကို စစ်ဆေးတွေ့ရှိလို့ အဆိုပါ လေယာဉ်ကို နောက်ကြောင်းပြန်လှည့်ရတဲ့အတွက် ခရီးစဉ် နှောင့်နှေးကြန့်ကြာမှု ဖြစ်ခဲ့ကြောင်း ထိုင်းပီဘီအက်စ် သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါလေယာဉ်မှာ Thai Vietject Air လေကြောင်းလိုင်းကဖြစ်ပြီး ဖူးကက်လေဆိပ်ကနေ မနေ့ည ၈ နာရီ ၂၅ မိနစ်မှာ ထွက်ခွာလာစဉ် ခဏအကြာ လေယာဉ်ပေါ်မှာ ခရီးသည် ၁ ဦး ပိုနေတဲ့အတွက် လေယာဉ်မှူးက သက်ဆိုင်ရာကို လေယာဉ်ပျံဆင်းမယ့်အကြောင်း သတင်းပို့ပြီး ပြဿနာ အဖြေရှာဖို့ နောက်ကြောင်းပြန်လှည့်ခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါခရီးစဉ်ကိုလည်း ဒီကနေ့ ဒီဇင်ဘာ မနက်စောစောကို ပြန်ပြောင်းလိုက်ရတာကြောင့် လေယာဉ်ပေါ်က ခရီးသည်ပေါင်း ၃၀၀ ကျော် ခရီးဖင့်ခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါလေကြောင်းလိုင်းဟာ ပြီးခဲ့တဲ့နိုဝင်ဘာလကလည်း လက်မှတ်ပိုရောင်းမှုတွေရှိခဲ့လို့ လာအိုနိုင်ငံမှာ သွားပြီးလက်ထပ်မယ့် မင်္ဂလာစုံတွဲ ခရီးစဉ်ပျက်သလို မင်္ဂလာပွဲပါ ကမောက်ကမ ဖြစ်ခဲ့ရပါတယ်။
သတို့သားဟာ ထိုင်းအစိုးရဝန်ထမ်းဖြစ်ပြီး လာအိုသူနဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်၊ အလုပ်များလွန်းတာကြောင့် မင်္ဂလာဆောင်မယ့်နေ့ မနက်စောစောမှ ထိုင်းကနေသွားမှာဖြစ်ကြောင်း၊ မနက် ၅ နာရီကတည်းက သုဝဏ္ဏဘုမိ လေဆိပ်ကို ရောက်နေပေမယ့် ချက်ကင်လုပ်တဲ့နေရာရောက်တော့ ထိုင်ခုံပြည့်သွားပြီး အေးဂျင့်လက်မှတ်ပိုရောင်းထားတာ စစ်ဆေးတွေ့ရှိရပါတယ်။
ဝန်ထမ်းက သူတို့ကို လက်ရေးနဲ့ လေယာဉ်စီးလက်မှတ်ပြန်ပြင်ပြီး လေယာဉ်ဝင်ပေါက်မှာ စောင့်ခိုင်းကြောင်း၊ အဲဒီမှာ လက်မှတ်ဝယ်ပြီး မလိုက်ဖြစ်တဲ့လူရှိရင် လိုက်သွားဖို့ ပြောခဲ့ကြောင်း၊ ဒါပေမဲ့ ပျက်ကွက်သူမရှိလို့ သူတို့လည်း မလိုက်ရတော့ဘဲ နောက်လာမယ့်လေယာဉ်နဲ့ လိုက်ခဲ့ရပါတယ်။
မင်္ဂလာပွဲအချိန်မီမရောက်လို့ ကမောက်ကမဖြစ်ခဲ့ပြီး လေကြောင်းလိုင်းက ဆုံးရှုံးမှု အလျော်ပေးမယ်လို့ တောင်းပန်ပြောကြားခဲ့ပေမယ့် ဘယ်လောက် လျော်ကြေးရလဲဆိုတာတော့ မသိရပါဘူး။
ထိုင်းနိုင်ငံမှာ ကိုဗစ်စည်းကမ်းချက်တွေ ဖြေလျော့တဲ့အပြင် ခရီးသွားကာလ High Season ရောက်လာတာကြောင့် နိုင်ငံတကာလေဆိပ်မှာ ခရီးသည်တွေ ပြည့်နှက်နေပြီး အရင်က ဗီဇာ/ပတ်စပို့ စစ်ဆေးရာမှာ ၁ ဦးကို ၁၅ မိနစ်ခန့်ကြာလို့ လူကြပ်တဲ့ပြဿနာဖြစ်ခဲ့ပါတယ်။
ဒါကြောင့် သက်ဆိုင်ရာက ဘိုင်အိုမက်ထရစ် စက်နဲ့စစ်ဆေးတဲ့စနစ်ကို ပြောင်းလဲရာမှာ ၁ ဦးလျှင် ၁ မိနစ်သာကြာလို့ လက်ရှိ မိနစ် ၂၀ အတွင်း ခရီးသည်ပေါင်း ၃၀၀၀ ကျော် ဝင်ရောက်နိုင်ပြီလို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။